နှစ်နိုင်ငံ နယ်ခြားမျဉ်း အတိအကျ မသတ်မှတ်နိုင် သေးသည့် မွန်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့၏ နယ်စပ်ဂိတ် ဖြတ်သန်းခွင့်အား ဇူလိုင်လ ၂၆ ရက်မှ စ၍ မြန်မာ အာဏာပိုင်များက ရုတ်တရက် ပိတ်ပင် လိုက် ကြောင်း သတင်း ရရှိသည်။
“မြန်မာ အာဏာပိုင်တွေ ဘက်က ဒီကိစ္စကို ဒီဇူလိုင်လဆန်း ကတည်းက တင်ပြလာတယ်၊ နယ်နိမိတ်မျဉ်းတွေ သေ သေ ချာချာ မသတ်မှတ် နိုင်သေးဘူး၊ နောက်တခုက ဒီလမ်း ချဲ့လိုက်တာကြောင့် အနိမ့်ပိုင်း မြန်မာပိုင် ဘုရားသုံးဆူ မြို့ထဲကို ရေလွှမ်းတာတွေ ဖြစ်နိုင်တယ် ဆိုပြီးတော့ အကြောင်းပြတယ်၊ ဒါကြောင့် ဂိတ်ကို ဒီ ဇူလိုင် ၂၆ ရက်နေ့ မနက်မှာ မြန်မာ အာဏာပိုင်တွေ ဖြတ်သန်းခွင့် ပိတ်ပင်ထားတယ်” ဟု အမည်မဖော် လိုသည့် နယ်မြေခံ ထိုင်း တပ်မတေ်ာမှ အရာရှိ တဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ဘုရားသုံးဆူ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သည် တရားဝင် ဂိတ်မဟုတ်သော်လည်း ထိုင်းဘက်ကမ်းမှ ကုန်သည်များနှင့် ခရီးသွား ဧည့်သည်များ နားလည်မှုဖြင့် နယ်စပ်ဂိတ်အား ဖြတ်သန်း နေကြခြင်း ရှိပြီး ဖြတ်သန်း ခွင့်ကို ဇူလိုင် ၂၆ ရက်မှ စ၍ မြန်မာ အာဏာပိုင်များက ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်ခြားဂိတ် မြန်မာဘက်ကမ်း၌ တပ်မတော်နှင့် နယ်ခြားစောင့် တပ်မှ အင်အား ၂၀ ခန့်ဖြင့် လုံခြုံရေး ယူထားသည်ဟုလည်း သိရသည်။
“ဂိတ်ပိတ်တာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောနေကြတယ်၊ တချို့ကတော့ H1N1 တုပ်ကွေး ရောဂါကြောင့် ပိတ်တယ် ဆိုပြီး ပြောကြ တာလည်း ရှိတယ်၊ ဒါပေမယ့် ဒီမှာကတော့ ရောဂါအကြောင်း သိပ်ပြီးတော့ လူမပြောကြဘူး၊ ထိုင်း ဘက်ခြမ်းက လမ်းဖောက်တဲ့ ကိစ္စကိုတော့ မြန်မာအာဏာပိုင်တွေ ကန့်ကွက်ထားတာတော့ ကြာပြီ၊ ဖြစ်ချင်တော့ ဒီနေ့မှာ လမ်းဖောက်တဲ့ နေရာကနေ ရေတွေက စီးစရာ မရှိတော့ ဘုရားသုံးဆူမြို့ထဲကို အကုန် စီးကျလာတော့ မြန်မာဘက်ခြမ်းက နယ်စပ်ဂိတ်ကို စပြီးတော့ ပိတ်လိုက်တာ၊ ဘာအကြောင်းရင်းကြောင့် ပိတ်တယ် ဆိုတာတော့ တိတိကျကျ မသိဘူး” ဟု ဘုရား သုံးဆူမြို့နေ နိုင်ချမ်းမငေက ပြောသည်။
သို့သော်လည်း ထိုင်းကျောင်းသို့ တက်ရောက်၍ ပညာသင်ကြားနေကြသည့် ကျောင်းသားများအား နယ်စပ် ဖြတ်သန်း ခွင့် ပြုထားပြီး မြန်မာပိုင် ဘုရားသုံးဆူ ဘက်ကမ်းမှ ထိုင်းပိုင် ဘုရားသုံးဆူ ဘက်ကမ်းရှိ ဖိနပ် စက်ရုံ၊ အထည်ချုပ် စက်ရုံ ၌ လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၃ ထောင် ဝန်းကျင် တို့အား နယ်စပ် ဖြတ်သန်းခွင့် ပြုမပြုကိုမူ မသိရ သေးကြောင်း နိုင်ချမ်းမငေက ဆက်ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် ဘုရားသုံးဆူ ဒေသရှိ ထိုင်း-မြန်မာ နယ်ခြား ကော် မတီမှ အစည်အဝေး ပြုလုပ်ခဲ့ပြီး ထိုင်းအာဏာပိုင်များက လက်ရှိ လမ်းဆောက်လုပ်နေမှုအား ယာယီ ရပ်ဆိုင်း ထား ပေးရန် သဘောတူခဲ့ကြောင်း အမည်မဖော်လိုသည့် ထိုင်းတပ်မတော်မှ အရာရှိက ဆက်ပြောသည်။
“ဇူလိုင် ၂၆ ညနေ ၄ နာရီလောက်မှာ နယ်ခြား ကော်မီတီတွေ အစည်းအဝေး လုပ်တယ်။ ဆောက်လုပ်ရေး လုပ်ငန်း ကြောင့် မြန်မာဘက်ခြမ်းကို ရေလွှမ်းတဲ့ မြောင်းတွေကိစ္စကို အုပ်ချုပ်ရေးမှူးတွေက တင်ပြ လာရင်တော့ ဖြေရှင်း ပေးမယ် ဆိုပြီး သဘောတူ လိုက်ကြတယ်၊ လမ်းဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း လတ်တလောမှာ ယာယီ ရပ်ထားဖို့ ဆုံးဖြတ်ကြတယ်” ဟုလည်း ၎င်းက ဧရာဝတီသို့ ပြောသည်။
ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူဒေသ၌ နှစ်နိုင်ငံ နယ်စပ်မျဉ်း အတိအကျ သတ်မှတ်နိုင်ရေး အတွက် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်၌ ထိုင်းအာဏာပိုင်များ အပါအဝင် ကန်ချနဘူရီ အခြေစိုက် နယ်မြေခံ ကြည်းတပ် အမှတ် (၉) မှ အရာရှိကြီးများနှင့် အမှတ် (၂) စစ်တိုင်းမှူးများ နယ်စပ်သို့ လာရောက် လေ့လာ ခဲ့ဖူးသည်။
ထို့အပြင် ထပ်မံ၍လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ နေပြည်တော် တာဝန်ရှိသူတို့ လာရောက် ဆွေးနွေး ခဲ့မှုများ ရှိခဲ့ဖူးသော်လည်း ယခု အထိ နယ်စပ်မျဉ်း အတိအကျ မသတ်မှတ် နိုင်သေးသည့် ဒေသ တခု ဖြစ်သည်။