သတင်း

H1N1 တိုက်ဖျက်ရေး ဆေးဝါး အကူအညီ WHO သို့ တောင်းခံ

Want create site? Find Free WordPress Themes and plugins.

H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၄ ဦး၊ ကူးစက်ခံရသူ ၂၀ ဦးအထိ ရှိလာ၍ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ အသေးစိတ် အစီရင်ခံစာ (Official Report) တခုကို ဇူလိုင်လ ၂၆ ရက်နေ့က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)သို့ ပေးပို့လိုက်ပြီး ဆေးဝါးဆိုင်ရာ အကူအညီများလည်း တောင်းခံထားကြောင်း နေပြည်တော်၊ ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

“ကျနော်တို့ ဘာတွေ လိုအပ်လဲဆိုတာတွေလည်း ရေးလိုက်ပါတယ်။ ဆေးလိုအပ်တယ်။ ကာကွယ်ဆေးလည်း ပေးနိုင်ရင်ပေးပါ။ ကုသရေးစရိတ်လည်း ပေးနိုင်ရင်ပေးပါ။ နောက်ပြီး ရောဂါ ရှာဖွေရေးအတွက် ဆေးတွေလည်း ပေးပါ။ လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေ လည်း တောင်းထားတယ်။ မကြာခင် WHO ကလည်း ကျနော်တို့ တောင်းတာတွေ ပေးမှာပါ။ ကျနော်တို့ကို ပစ်မထားပါဘူး”ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ကုလသမဂ္ဂ၊ တရုတ်၊ အမေရိကန် အပါအဝင် နိုင်ငံတကာ၏ အကူအညီများကိုလည်း ရယူသွားမည် ဖြစ်ကြောင်း၊ လာမည့် တနင်္ဂနွေနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေး ဦးဆောင်ပြီး H1N1 ကာကွယ်ကုသရေး အမျိုးသားအဆင့် အစည်းအဝေးကို နိုင်ငံတကာ ပညာရှင်များ၊ သမားတော်များ၊ ပြည်တွင်းမှ ဆေးပညာရှင်များ ပါဝင်၍ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များ ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်မှ အမည်မဖော်လိုသူ ကျန်းမာရေး အရာရှိတဦးက “ကာကွယ်ဆေးထိုးဖို့ကတော့ မဆုံးဖြတ်ရသေးပါဘူး။ ဆေးရဲ့ ကာကွယ်နိုင်မှု က လည်း ၆၀ ရာခိုင်နှုန်းထက် မပိုဘူး။ ဝယ်ပြီး ထိုးဖို့ကလည်း အစိုးရ ဘတ်ဂျက်က မတတ်နိုင်ဘူး။ ပြီးတော့ ပြည်တွင်း အခြေအနေ နဲ့ မကိုက်ညီတာလည်း ပါတယ်”ဟု ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပမည့် အစည်းအဝေးတွင်မူ ကာကွယ်ရေး ထိုးရန် သင့်၊ မသင့်ကို ဆုံးဖြတ်ချက် ချမှတ် နိုင်ကြောင်းလည်း အထက်ပါ အရာရှိက ပြောသည်။

လက်ရှိတွင် H1N1 ရောဂါပိုး ကူးစက်ခံရသူ ၂၀ ဦးတွင် ရန်ကုန်မြို့တွင် ၈ ဦး၊ ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ၁ ဦး၊ ပဲခူးတိုင်း ပဲခူးမြို့ တွင် ၁ ဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ ဦးရှိသည့် အနက် ရန်ကုန်တွင် ၃ ဦး၊ မတူပီတွင် တဦး စုစုပေါင်း ၄ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ ရန်ကင်းကလေး ဆေးရုံရှိ ကလေး ၂ ဦးတွင် တဦးမှာ H1N1 ၊ တဦးမှာ H3N2 ရာသီတုပ်ကွေး ဖြစ်ကြောင်၊ နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

လူနာက သေဆုံးသွားတယ်ဆိုရင်တော့ အတူနေတွေကို ခရီးသွားလာခွင့် ပိတ်ပါတယ်။ တင်းတင်းကျပ်ကျပ်နဲ့ကို စောင့်ကြည့်ရပါ တယ်။ Home Servalant လုပ်ပါတယ်။ မိမိကိုယ်တိုင်ကိုလည်း ကာကွယ်ဖို့ လိုပါတယ်”ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ H1N1 ရောဂါပိုး ကူးစက်ခံရမှုနှင့် ပတ်သက်၍ တရုတ်၊ ဖိလစ်ပိုင် အပါအဝင် အိမ်နီးချင်းနိုင်ငံ များက စုံစမ်းမှုများ ရှိလာကြောင်း၊ ထို့ကြောင့် ရောဂါပိုးအပြင် မထွက်စေရန် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ဂိတ်များတွင် အဝင်အထွက် အားလုံးကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောသည်။

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် H1N1 ရောဂါပိုးသည် ကမ္ဘာနိုင်ငံ တော်တော်များများသို့ ပျံ့နှံ့ သွားသဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဿနာ ဖြစ်ခဲ့ကြောင်း၊ ယခု မြန်မာနိုင်ငံတွင် Public Health Emergency ဟု ခေါ်သည့် အရေးပေါ် အခြေအနေ မဖြစ်စေရန် အစွမ်းကုန် ကြိုးစားနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

“စိုးရိမ်စရာ ကောင်းမကောင်းဆိုတာ လူတွေအပေါ် မူတည်ပါတယ်။ ပြည်သူလူထုက ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာ ဆောင်ရွက်မယ်ဆိုရင်တော့ ထိခိုက်မှု အနည်းဆုံး ဖြစ်ပါမယ်။ ကျနော်တို့ ပြောဆိုတာတွေကို အလေးမထားဘူးဆိုရင်တော့ ပိုပြီး ပျံ့နှံ့နိုင်ပါတယ်။ မလိုက်နာဘဲ ပွဲလမ်းသဘင်တွေ လုပ်ပြီး လူစုနေရင်တော့ ဒီထက်ပိုပြီး ကူးစက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

H1N1 ရောဂါပိုးတွေ့ရှိသူများ လာသည့် ဒေသများသို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက Public Response Team များ စေလွှတ် ပြီး ပတ်ဝန်းကျင်ရှိ လူများကို စောင့်ကြပ်ကြည့်ရှု့လျက်ရှိကြောင်း၊ ဆေးရုံ အသီးသီးရှိ ဝန်ထမ်းများ၊ လူနာများကိုလည်း စောင့်ကြည့် မှုများ ပြုလုပ်လျက်ရှိပြီး မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကိုလည်း ကူးစက်လူနာများ တင်ပို့နိုင်ရန် အသင့်ပြင်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading