ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ H1N1 သံယသယူနာ ၅ ဦးကို ဆေးစစ်ခဲ့ရာ လူနာ ၄ ဦးတွင် H1N1 ကူးစက်မြန် တုပ်ကွေးရောဂါပိုး တွေ့ရှိရသည့် အတွက် ပုသိမ်မြို့ရှိ လုံခြုံစိတ်ချရသော ကျန်းမာရေးဌာနတခုတွင် သီးသန့်ခွဲထား၍ ကုသ ပေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
“H1N1 သံယသရှိတဲ့လူနာ ၅ ဦးကို စစ်ဆေးခဲ့ရာမှာ ၄ ဦးမှာ ပိုးတွေ့ရတဲ့အတွက် ပုသိမ်မြို့က တနေရာမှာ သီးသန့်ခွဲထားပြီး အထူးဂရုစိုက် ကုသပေးနေပါတယ်။ ပုသိမ်ဆေးရုံကြီးမှာတော့ မဟုတ်ပါဘူး။ တခြား တနေရာမှာ ကုသပေးနေတာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ဧရာဝတီကို ပြောသည်။
ဖျာပုံမြို့တွင်လည်း H1N1 လူနာ ၂ ဦး တွေ့ရှိရသည့်အတွက် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသစဉ် လူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒီကနေ့ တိုင်းကျန်းမာရေးဌာနနဲ့ ဖျာပုံခရိုင် အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းပြီး ဖျာပုံမြို့မှာ H1N1 နဲ့ ပတ်သက်ပြီး ဟောပြော ပညာပေးတာတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါပြီ။ တိုင်းအတွင်းက ကျောင်းတွေမှာလည်း ကလေးတွေ ကိုယ်ပူတာဖျားတာနဲ့ ချက်ခြင်းအိမ်ပြန်လွှတ်ဖို့နဲ့ အဲဒီအခြေအနေကို ကျန်းမာရေးဌာနကို အကြောင်းကြားဖို့ ညွန်ကြားထားပါတယ်”ဟု ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်းတွင် H1N1 တုပ်ကွေးရောဂါဖြစ်ပွားသည့်ဒေသများမှာ ရေကြည်မြို့နယ် အသုတ်မြို့၊ ဖျာပုံမြို့နှင့် ပုသိမ်မြို့တို့ဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ ၇ ဦးအနက် ၁ ဦးသေဆုံးခဲ့သည်။ မြန်မာ တနိုင်ငံလုံးတွင် လူပေါင်း ၂၀ ကျော် H1N1 ရောဂါကူးစက်ခံခဲ့ရပြီး ဇူလိုင် ၂၆ ရက်နေ့အထိ လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကူးစက်မြန် တုပ်ကွေး H1N1 ရောဂါလက္ခဏာများမှာ အဖျားကြီးပြီး ရင်ဘတ်အောင့်လာခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းများ ဖြစ်လေ့ရှိကြောင်း သိရသည်။ တုပ်ကွေးဖြင့် ဖျားနာသူတွင် အဆိုပါလက္ခဏာရပ်များ တွေ့ရှိရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံသို့ အမြန်ဆုံးတက်ရောက် ကုသမှုခံယူရန် လူမှုရေးဝန်ကြီးက တိုက်တွန်း ပြောဆိုသည်။
ကူးစက်မြန် H1N1 တုပ်ကွေးရောဂါးပိုးကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လူူသူ ထူထပ်သည့် နေရာများကို ရှောင်ကျဉ်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်၊
လူထူထပ်သည့်နေရာများ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း – Mask တပ်၍ သွားလာရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ချက်ခြင်းဆေးကုသမှုခံယူသည့်နည်းများဖြင့် ကာကွယ်နိုင်ကြောင်း တိုင်းကျန်းမာရေးဌာနတာဝန်ရှိသူများထံမှ သိရသည်။