မွန်ကရင် ဒေသများ သတင်းသမား ၃၀ ဦးခန့် စုပေါင်း၍ သတင်း လွတ်လပ်ခွင့် ကမ်ပိန်း တခုအား မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ယက်မှ (Southern Myanmar Journalist Network) ဦးဆောင်၍ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင် မြို့တွင် ပြုလုပ်ခဲ့သည်။
သတင်းလွတ်လပ်ခွင့်အား ခြိမ်းခြောက် နေသည့်၊ သတင်းမီဒီယာများအပေါ် ဖိနှိပ်ချုပ်ချယ်မှု ရှိနေသည့် ဥပဒေများ တည်ရှိ အသက်ဝင်နေသည့်အပေါ် ပြည်သူလူထု ပိုမို သိရှိ စေရန်၊ ဥပဒေပိုင်းဆိုင်ရာနှင့် မူဝါဒ ရေးဆွဲသူများ အနေဖြင့် ဤဥပဒေ များအား ပြန်လည် သုံးသပ် နိုင်ရန် ဖြစ်ကြောင်း လှုပ်ရှားမှုအား ဦးဆောင် ပြုလုပ် ခဲ့သည့် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက် အဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးကျော်စိုးက ပြောသည်။
“ရှမ်းမြောက်မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက် DVB, ဧရာဝတီ သတင်းထောက်တွေ အဖမ်းခံ ရတာ၊ ရန်ကုန်မှာ ဆိုရင် The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ အဖမ်းခံ ရတာ၊ ဒီလို ဖိနှိပ် ချုပ်ချယ်မှု ရှိတဲ့ ဥပဒေတွေ အသုံးပြုပြီး သတင်း မီဒီယာ သမားတွေကို ခြိမ်းခြောက်မှုပေါ့၊ ကျနော်တို့ သတင်း မီဒီယာ လွတ်လပ်ခွင့် ရရှိရေး အတွက် ဒီနေ့ လှုပ်ရှားမှုကို ပြုလုပ် ရတာ ဖြစ်ပါတယ်” ဟု ဦးကျော်စိုးက ပြောသည်။
NLD အစိုးရ လက်ထက်တွင် သတင်းမီဒီယာ ကဏ္ဍသည် ယခင် အစိုးရထက် ပို၍ အနုတ်လက္ခဏာ ပြလာခဲ့ပြီး သတင်း မီဒီယာ သမား များအား သတင်း မီဒီယာနှင့် မသက်ဆိုင်သည့် ဥပဒေများဖြင့် အရေးယူ နေခြင်းအား ရှူံ့ချကြောင်း ကမ်ပိန်းတွင် ပါဝင်ခဲ့သည့် မော်လမြိုင် အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးကြည်အေးက သုံးသပ် ပြောဆိုသည်။
၎င်းက“စစ်တပ်ကို စစ်ဥပဒေနဲ့ အရေး ယူတယ်ဗျာ၊ ဘုန်းကြီးကို သံဃာနာယက ဝိနိဇယနဲ့ အရေးယူ တယ်၊ မီဒီယာ မှာလည်း မီဒီယာ ဥပဒေ ရှိပြီးသား ဖြစ်တဲ့ အတွက်ကြောင့် မီဒီယာ ဥပဒေနဲ့ အရေးယူ ရင်လည်း အလုပ် ဖြစ်နေသားပဲ၊ မီဒီယာ သမား မှား၊ မမှား ကျင့်ဝတ်နဲ့ ညီ၊ မညီကို မီဒီယာ ကောင်စီက ပိုသိတာပေါ့၊ ဒီအစိုးရ လက်ထက်မှာ ၆၆ (ဃ) ကို လက်နက် သဖွယ် အသုံးချ လာတဲ့ အတွက် မီဒီယာသမားတွေ အနေနဲ့ မရေးရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်အောင် လုပ်တယ်လို့ မြင်တာပေါ့” ဟု ပြောသည်။
လက်ရှိတွင် သတင်းမီဒီယာ သမားများအား သတင်းမီဒီယာ ဥပဒေ အပါအဝင် ရာဇသတ်ကြီး ဥပဒေ၊ အီလက်ထရောနစ် ဥပဒေ၊ အရေးပေါ်စီမံမှု အက်ဥပဒေ စသည့် ဥပဒေ ၅ မျိုး ခန့်ဖြင့် အရေးယူ ခံနေရပြီး ဝေဖန်မှုများနေသည့် ပုဒ်မ ၆၆ (ဃ) ဖြင့် သတင်းမီဒီယာ သမားများအား တရားစွဲဆိုခံရခြင်းမှာ ဦးသိန်းစိန် အစိုးရ လက်ထက်၌ ၅ ဦးခန့်သာ ရှိခဲ့သော်လည်း ယခု အစိုးရ လက်ထက်တွင် ၁၄ ဦးခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။
“ဒီအစိုးရလက်ထက်မှာ မီဒီယာရဲ့ အခန်းကဏ္ဍဟာ နည်းနည်း မှေးမှိန်သလို ဖြစ်လာတယ်၊ ပထုတ်ခံရသလို သိပ်အရေး မကြီးဘူးသလိုမျိုး ဖြစ်လာတဲ့ အခါမှာ ဒီကိစ္စကို နည်းနည်း အရေးကြီးတယ်လို့ ယူဆတယ်၊ ဒါကြောင့် ဒီကိစ္စတွေကို ပိုမိုအားမြှင့်ပြီး လုပ်ဆောင် သွားဖို့ ပြောလိုပါတယ်” ဟု နိုင်ကဆော့မွန်က ဇူလိုင်လ ၂၆ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ် ခဲ့သည့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် မီဒီယာ ဆိုင်ရာ ဆွေးနွေးမှု စကားဝိုင်းအပြီးတွင် ဧရာဝတီ၏ မေးမြန်းချက်အား ဖြေကြား ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု၌ လိုက်လံဝေငှ ခဲ့သည့် လက်ကမ်း စာစောင် ၌လည်း လွတ်လပ်သော သတင်း မီဒီယာ ဖြစ်ပေါ်မှသာလျှင် ဒီမိုကရေစီ စနစ်၏ အနှစ်သာရ ဖြစ်သော ပွင့်လင်း မြင်သာခြင်းနှင့် တာဝန်ခံမှု ရှိခြင်းတို့ ပီပြင်မည် ဖြစ်သည် ဟူ၍ ဖော်ပြ ထားသည်။
သို့သော်ယခုအခါတွင် လွတ်လပ်သော သတင်းမီဒီယာ များအပေါ် ခြိမ်းခြောက် မှုများ ရှိနေခြင်း၊ ဖိနှိပ်မှု ရှိသော တည်ဆဲ ဥပဒေများ အသုံးပြုပြီး သတင်းသမား များအပေါ် တရားစွဲဆို ဖမ်းဆီး ထောင်ချ မှုများ ရှိနေခြင်းသည် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်မည့် အစိုးရ တရပ် အတွက် များစွာ စိုးရိမ် စရာ ဖြစ်နေသည်ဟု ဖော်ပြပါရှိကာ လွတ်လပ်စွာ သတင်း ရယူခွင့်နှင့် လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် အပြည့်အဝ ရရှိရန် လေးနက်စွာ တောင်းဆို လိုကြောင်း လက်ကမ်း စာစောင်တွင် ရေးသား ဖော်ပြ ထားသည်။
အဆိုပါ သတင်း လွတ်လပ်ခွင့် ကမ်ပိန်းအား ဇူလိုင်လ ၂၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း ထပ်မံ ပြုလုပ်မည် ဖြစ်သည်။