သတင်း

သတင်းထောက်ဦးဆွေဝင်းက ချောက်ချခဲ့သည်ဟု အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် စွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

အိမ်အကူမိန်းကလေးအား ညှင်းပမ်းနှိပ်စက်မှုများကြောင့် တရားစွဲခံထားရသည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ကိုတင်မင်းလတ်က သတင်းထောက်ဦးဆွေဝင်းသည် ၎င်းတို့ကို ချောက်ချခဲ့ခြင်းဖြစ်ကြောင်း ယနေ့ရုံးချိန်းတွင် စွပ်စွဲ ထွက်ဆိုလိုက်သည်။

ယနေ့ပြုလုပ်သည့် ရုံးချိန်းတွင် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဦးကိုလတ်နှင့်ဒေါ်တင်သူဇာတို့၏ သားဖြစ်သူ ကိုတင်မင်းလတ်ကို စွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ တရားလို၏ အစိုးရရှေ့နေက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကိုတင်မင်းလတ်က ၎င်းတို့မိသားစုနှင့် ဦးဆွေဝင်းတို့မှာ ယခင်က တွေ့ဆုံဖူး ခြင်းမရှိသကဲ့သို့ ရန်ငြိုးရန်စ မရှိကြောင်း၊ အိမ်အကူမိန်းကလေး ၂ ဦး ရရှိခဲ့သည့် ဒဏ်ရာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးတွင် ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းမှုကိုလည်း ဦးဆွေဝင်းဘက်က ကန့်ကွက်ခဲ့ပြီး ၎င်းတို့အပေါ် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ပြောသည်။

စွပ်စွဲပြောဆိုခံရသူ သတင်းထောက်ဦးဆွေဝင်းမှာ Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များက အိမ်အကူမိန်းကလေး ၂ ဦးကို ကို ဒဏ်ရာရရှိအောင် လုပ်ဆောင်မှုနှင့် ဖြစ်စဉ်များအပေါ် လူသိရှင်ကြား ဖော်ထုတ်ရေးသားခဲ့မှုကြောင့် နိုင်ငံတော်သမ္မတရုံးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းကိုလည်း လက်ခံရရှိခဲ့သည်။

ဦးဆွေဝင်းက “သူ့ထွက်ဆိုချက်ကို ဘာမှတ်ချက်မှ မပေးချင်ပါဘူး၊ ကလေးမလေးတွေ သူတို့ဆိုင်က လွတ် မြောက်ပြီးနောက်ပိုင်း သွားရောက်တွေ့ဆုံတာ ကျနော်တယောက်တည်းလည်း မဟုတ်ပါဘူး၊ တခြား သတင်းထောက်တွေလည်း ပါပါတယ်၊ ကျနော်က ဖြစ်စဉ်တခုကို တရားမျှတမှုရှိအောင်ပဲ လုပ်ခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

အင်းဝအမှုမှာ လွှတ်တော်တွင်း ဆွေးနွေးရသည်အထိ ဖြစ်ပေါ်ခဲ့သော်လည်း အလားတူအမှုများမှာ ယနေ့ အထိ ဆက်လက်ဖြစ်ပွားလျှက်ရှိနေသည့်အတွက် အိမ်အကူကလေးငယ်များအပေါ် အကာအကွယ်ပေးနိုင် မည့် စီမံချက်များကို အစိုးရတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးရေးဆွဲသင့်ကြောင်း ဦးဆွေဝင်းက တိုက်တွန်းပြောဆိုသည်။

အိမ်အကူမိန်းကလေး ၂ ဦးသည် အိမ်ရှင်များ၏ ညှင်းပမ်းနှိပ်စက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများကို ၅ လကျော်ကြာ ဆေးဝါးကုသမှုခံယူခဲ့ရပြီး အနောက်ပိုင်းတရားရုံးမှလည်း အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစု ၆ ဦးကို ကလေးသူငယ်ဥပဒေ၊ လူကုန်ကူးဥပဒေ၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် စွဲချက်တင်ထားသည်။

အမှုအား ဆက်လက်စစ်ဆေးရန် လာမည့် ရုံးချိန်းကို သြဂုတ်လ ၁ ရက်နေ့သို့ ထပ်မံချိန်းဆိုထားပြီး အင်းဝအပ်ချုပ် ဆိုင်ပိုင်ရှင်မိသားစုဝင်များကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

အိမ်အကူမိန်းကလေး ၂ ဦးဖြစ်သည့် မသဇင်နှင့် မစန်းကေခိုင်တို့မှာ ကော့မှူးမြို့နယ်၊ ဘောလုံးကွင်းကျေး ရွာတွင် နေထိုင်ကြသူများဖြစ်ကြပြီး အသက် ၁၀ နှစ်ခန့်ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအ ဖြစ်လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏ ညှင်းပမ်းနှိပ်စက်ခံရမှုများကို Myanmar Now သတင်းဌာန ကဖော်ထုတ်ရေးသားခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့၏ ဒဏ်ရာများမှာ ပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ပြီး အမှုရုံးချိန်း အချို့တွင် လာရောက်ထွက်ဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading