သတင်း

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းရှိ စာသင်ကျောင်း ၂၉၂ ကျောင်းပိတ်ထားရပြီး လူ ၄ထောင်ခန့် ရေဘေးသင့်

Want create site? Find Free WordPress Themes and plugins.

မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေပြင်မြင့်တက်လာ၍ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်မှ လူဦးရေ ၄၀၀၀ ခန့်သည် နေအိမ်များ စွန့်ခွာကာ တိုင်းအစိုးရ ဖွင့်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရပြီး အခြေခံ ပညာ စာသင်ကျောင်းပေါင်း၂၉၂ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံးမှ ညွန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက “အခုရေကြီးတဲ့ အခြေအနေက နှစ်စဉ်ဖြစ်နေကျ ပုံမှန်အခြေအနေဖြစ်ပါတယ်။ စိုးရိမ်စရာအနေအထားတော့ မဟုတ်ပါဘူး။ လတ်တလော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက စားနပ်ရိက္ခာတွေ ကူညီ ထောက်ပံ့ပေးထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေကြီးမှုကြောင့် ဟင်္သာတခရိုင်ရှိ ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူနှင့် ပုသိမ်ခရိုင်ရှိ ရေကြည်၊ ကန်ကြီး ထောင့်နှင့် သာပေါင်းမြို့နယ်တို့တွင် ဧရာဝတီတိုင်းအစိုးရက ကယ်ဆယ်ရေးစခန်း ၄၆ ခု ဖွင့်လှစ်ကာ ရပ်ကွက် ၇ ခုနှင့် ကျေးရွာ ၁၉ ရွာရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁၀၄၂ စုမှ လူဦးရေ ၃၉၄၁ ဦးကို စောင့်ရှောက်ထားကြောင်း သိရ သည်။

ကျောင်းများရေမြုပ်သည့်အတွက် မအူပင်ခရိုင်မှ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဟင်္သာတခရိုင်မှ ဟင်္သာတ၊ ဇလွန်၊ ကြံခင်း၊ လေးမျက်နှာ၊ မြန်အောင်၊ အင်္ဂပူ၊ ပုသိမ်ခရိုင်မှ ရေကြည်၊ ကျောင်းကုန်း၊ သာပေါင်းနှင့် မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တို့မှ အထက်တန်းကျောင်း ၁၄ ကျောင်း၊ အလယ်တန်းကျောင်း ၇၂ ကျောင်းနှင့် မူလတန်းကျောင်း ၂၀၆ ကျောင်းတို့အား ယာယီပိတ်ထားကြောင်း တိုင်းအစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။

သာပေါင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးက “သာပေါင်းမှာတော့ ရေနည်းနည်း ပြန်ကျလာတယ်။ မြို့ပေါ် ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၁ ဘက်က ကမ်းနားလမ်းတွေတော့ မြုပ်နေပြီ။ ရေကြီးတဲ့ရွာတွေမှာတော့ ဘုန်းကြီးကျောင်းပေါ် တက်နေကြတာတွေ ရှိတယ်။ ဒါပေမယ့် အခုအနေအထားက ဖြစ်နေကျ သာမန်အနေအထားလောက်ပါပဲ။ ဆိုးရွားတဲ့အခြေအနေ မဟုတ်ပါဘူး” ဟု ပြောသည်။

ယမန်နေ့ နေ့လယ် ၁၂ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် စိုးရိမ်ရေမှတ် အောက် ကျဆင်းသွားပြီး အင်္ဂပူ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ကျော်လွန်နေပြီး ဓနုဖြူ မြို့နှင့် ညောင်တုန်းမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲ၊ တိုးမြစ်သည် မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေ မြင့် တက်နေပြီး ငဝန်မြစ်သည်လည်း လေးမျက်နှာမြို့တွင် ၁ ပေ၊ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ် အထက် ၃ ပေ ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading