သတင်း

အစိုးရကို ပြည်သူဝေဖန်ခွင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရတရပ်ကို ပြည်သူလူထုက ဝေဖန်ခွင့်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန တနှစ်ပြည့် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ပြည်သူ့အစိုးရ ဆိုတာကတော့ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနဲ့ ရင်ဆိုင်သွားရမှာပါ။ ပြည်သူက ရွေး ချယ် တင်မြှောက်လိုက်တဲ့ အစိုးရကို ပြည်သူက ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ပြည်သူက ဝေဖန်တယ်ဆိုတာကလည်း အားလုံးကတော့ အပြုသဘောနဲ့ ဝေဖန်မှာ မဟုတ်ပါဘူး။ ဒါလည်း ဒီမိုကရေစီစနစ်မှာ ရင်ဆိုင်ရမယ့် ကိစ္စတခုပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဝေဖန်ချက်များ မှန်ကန်ပါက မိမိကိုယ်မိမိ ပြုပြင်ပြောင်းလဲရမည် ဖြစ်ပြီး မမှန်ကန်ပါက စဉ်းစားစရာပင် မလိုကြောင်း၊ သို့သော် ပြည်သူများ၏ အထင်အမြင်၊ အယူအဆများကို လေးစားရမည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြား သည်။

ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက “အစိုးရတာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ တပ်မတော်က ပုဂ္ဂိုလ်တွေရော ဒီမိုကရေစီ ခေတ်မှာ ဝေဖန်မှု ခံရမှာပဲ။ ဝေဖန်မှု ဘယ်လိုခံရသည် ဖြစ်စေ ဝေဖန်မှုအပေါ်မှာ မကြိုက်မနှစ်သက်ကြောင်း မပြဘဲနဲ့ ဒီမိုကရေစီရဲ့ အဓိက ယဉ်ကျေးမှုဖြစ်တဲ့ ဝေဖန်မှုကို နာခံဖို့အတွက် ကျနော်တို့ ပြုစုပျိုးထောင်သင့်တယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်ကို ဝေဖန်ရေးသားသည်ဟု ယူဆချက်ဖြင့် “ကျည်ထောင်စု သစ္စာ”အမည်ဖြင့် ဆောင်းပါး တပုဒ် ဖော်ပြခဲ့သည့် The Voice ဂျာနယ်သတင်းစာမှ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရပြီး အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။

“ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတိုင်း ဝေဖန်ခံရမှာပဲ။ ပြဿနာက ဝေဖန်မှုတွေကို မလေးစားကြဘူး။ ဒီမှာက ဝေဖန်ခံနိုင်တဲ့ ယဉ်ကျေးမှု မရှိသေးဘူး။ တုံ့ပြန်မှုတွေက မလေးမစား တုံ့ပြန်တဲ့အတွက်ကြောင့် ဝေဖန်မှုသည် ယဉ်ကျေးမှု တရပ်လို့ ဘယ်သူမှ မထင်ဘူး။ အဲဒီတော့ ဝေဖန်မှုက ယဉ်ကျေးမှုတရပ် ဖြစ်မလာတော့ဘူး” ဟု ဦးသီဟသွေးက သုံးသပ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အစိုးရအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည်လည်း ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်ဘဲ အားလုံးတွင် အားသာချက်၊ အားနည်းချက်များ ရှိနေကြောင်း၊ သို့သော် နိုင်ငံအတွက် မိမိ တွင်ရှိသည့် အရည်အချင်းများ အားလုံးကို ထုတ်ယူ၍ အသုံးပြုနိုင်ရန် မိမိကိုယ်မိမိ လေ့ကျင့်ယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီလို လေ့ကျင့်ပေးတဲ့အတွက် အရည်အချင်းတွေ တက်လာမယ်။ ဒီအရည်အချင်းတွေကို နိုင်ငံအတွက် သုံးပါ။ ကိုယ့်အတွက်ပဲ မစဉ်းစားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းတွေ သိက္ခာရှိရင် နိုင်ငံသိက္ခာ ရှိပါတယ်။ ကျမတို့ ဝန်ထမ်းတွေအတွက် ပြည်သူတွေကနေ ဂုဏ်ယူနိုင်တယ်ဆိုရင် ကျမတို့ နိုင်ငံအတွက်လည်း ဂုဏ်ယူနိုင်ပါတယ်”ဟု ဆိုသည်။

လက်ရှိ NLD အစိုးရ သက်တမ်း တနှစ်ခွဲအကြာတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာ ထင်သလောက် မ အောင်မြင်သဖြင့် အများ၏ ဝေဖန်မှုကို ခံနေရပြီး ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး တိုးတက်အောင် မဆောင်ရွက်နိုင်ခြင်းနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများက အစိုးရသစ်ကို စိန်ခေါ်လျက် ရှိသည်။

အစိုးရတရပ်တွင် ပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်သည့် ခေါင်းဆောင်များနှင့် နိုင်ငံ့ဝန်ထမ်းများ ပါဝင်ကြောင်း၊ လုပ်ငန်းများကို ဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် စီမံကိန်းများ၊ ရည်ရွယ်ချက်များ၊ အကြံဉာဏ်များကို အကောင်အထည် ဖော်ရာတွင် ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံက ပြောသည်။

“အရင်တုန်းကတော့ ကျမနိုင်ငံက ဒုဝန်ကြီးများတဲ့ နေရာမှာ စံတင်ခဲ့တယ်ဆိုတာ နားလည်ပါတယ်။ အခုချိန်မှာတော့ ဒုဝန်ကြီး မရှိပါဘူး။ ဒါပေမယ့် ဝန်ကြီး၊ ဒုဝန်ကြီးအောက်မှာ ဝန်ထမ်းများက ကိုယ့်တာဝန်တွေကို ကိုယ်ထမ်းဆောင် သွားခြင်းအားဖြင့် ပြည်သူနဲ့ အစိုးရကြားမှာ မှန်မှန်ကန်ကန် ဆက်ဆံရေးဖြစ်အောင် ကြိုးစားသွားရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ရေးသည် အတိုင်ပင်ခံရုံး၏ အဓိက ရည်ရွယ်ချက်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ ဘဝတိုးတက်ရေး၊ စီးပွားရေး တိုးတက်ရေး တို့အတွက် ဦးတည် ကြိုးစားနေသည့်အခါတွင် အတိုင်ပင်ခံရုံးက ဦးဆောင်မှု ပေးရမည်ဟု ခံံယူထားကြောင်းလည်း ၎င်းက ဆိုသည်။

အတိုင်ပင်ခံရုံုး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက“အစိုးရရဲ့ အုပ်ချုပ်ရေးကဏ္ဍ၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ မြစ်ဆုံအရေးကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ တနိုင်ငံလုံးမှာရှိတဲ့ ကိစ္စအမျိုးမျိုးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မူဝါဒနဲ့ ဆောင်ရွက် ခဲ့ပါတယ်”ဟု ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

Loading