သတင်း

H1N1ရောဂါ နှင့် ပတ်သက်ပြီး ပြည်ပခရီးသွား ဝင်ရောက်နှုန်း ထိခိုက်မှု မရှိသေး

Want create site? Find Free WordPress Themes and plugins.

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော Seasonal Influenza A (H1N1) တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ပြည်ပခရီးသွား ဝင်ရောက်မှု မထိခိုက်နိုင်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ထွေးကပြောသည်။

“ခရီးသွားနဲ့ ပတ်သက်ပြီး ပိတ်တယ်လို့တော့ တရားဝင် တက်မလာသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ဒီ H1N1 ရောဂါ ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နေတယ်။ ကာကွယ်မှုတွေရော ထိန်းသိမ်းမှုတွေရော လုပ်နေတာ တွေ့ရ တယ်။ ဒီလို ကောင်းကောင်းမွန်မွန် လုပ်နိုင်တာ တွေ့ရတဲ့အတွက် ခရီးသွား ဝင်ရောက်မှု ထိခိုက်နိုင်တယ်လို့ မမြင်ပါဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်၊ ထွက်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များတွင် ကြိုတင်ကာကွယ်ခြင်းများ လုပ်ဆောင်နေ၍ ပြင်ပမှ H1N1 တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ခရီးသွားဝင်ရောက်မှု ထိခိုက် သည်ဟု ထင်ကြေးပေးနေကြသော်လည်း သိသိသာသာ လျော့ကျခြင်း မရှိကြောင်း ၎င်းက ပြောသည်။

H1N1 ရောဂါသည် ဇူလိုင်လ ၁၉ရက်နေ့က မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်ထိ ယင်းရောဂါနှင့် လူနာ ၆ ဦး သေဆုံးကာလူ ၃၀ဦး ကူးစက်ခံနေရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ရောဂါဖြစ်ပွားနေမှုကြောင့် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများကို ဇူလိုင်လ ၂၆ ရက်နေ့ တွင် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မင်းလိူင်က “ ရောဂါဆိုတာကတော့ အရင်ကတည်း က ရှိတာ။ တုပ်ကွေးရောဂါ တမျိုးပေါ့။ ကိုယ်ခံအား မကောင်းမှ ဖြစ်တာ။ အနောက်နိုင်ငံတွေကတော့ သူတို့ နိုင်ငံသားတွေ မသွားခင်မှာ ကျန်းမာရေးကောင်းမွန်မှု ရှိ၊မရှိ ပြောတာ ဖြစ်တယ်။ မသွားရဘူးလို့တော့ မတားမြစ်ထားပါဘူး။ အဲဒီအတွက် ကြောင့် အခုဧည့်သည်တွေ လျော့မသွားပါဘူး’’ ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ထိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံများမှ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု များပြားနေကြောင်း ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလာမှု အခန်းကဏ္ဍအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ပညာပေးရေးတွင် ပူးပေါင်း ပါဝင်ရန် လုပ်ဆောင်သင့်ကြောင်း လက်ရှိ ဖြစ်ပွားနေသော H1N1 နှင့် ပတ်သက်ပြီး အစိုးရ အား တိုက်တွန်းလိုကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

တချို့မှာလည်း လူမှုကွန်ရက် စာမျက်နှာများတွင် H1N1 ကြောင့် သေဆုံးသူများကို အပြိုင်အဆိုင် ဖော်ပြနေကြသဖြင့် လူအများစုက ပိုမို ကြောက်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပြည်ပခရီးသွား ဝင်ရောက်မှုမှာ ၁ ဒသမ ၇ သန်းကျော် ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပခရီးသွား ဝင်ရောက်မှု လျာထားချက်မှာ ၃ ဒသမ ၅ သန်းဖြစ်ပြီး ပုဂံ ညောင်ဦး၊ မန္တလေး နှင့် အင်းလေး စသည့်နေရာများသို့ သွားရောက် လည်ပတ်မှု များပြားနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading