သတင်း

အစိုးရနှင့် အရပ်ဘက်ပုဂ္ဂိုလ်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလွတ်သဘော ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အစိုးရနှင့် အရပ်ဘက်ပုဂ္ဂိုလ်များ အလွတ်သဘော အစည်းအဝေးတရပ် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။

ထိုအစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ မှ ၁၂ နာရီအထိ ၂ နာရီကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရပြီး တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်စပ် ပတ်သက်သည့် အရပ်ဘက် ပုဂ္ဂိုလ် များ နှင့် သတင်းစာဆရာ တချို့ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ဖက်ဒရယ်နှင့် တိုင်းရင်းသား ရေးရာ သုတေသီ ဦးမောင်မောင်စိုး က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပတ်သက်တဲ့ လူတွေ စိတ်ဝင်တစားရှိတဲ့ လူတွေဆီကနေပြီးတော့မှ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ အကြံဉာဏ် သဘောထား မှတ်ချက် ရယူချင်တယ်လို့ ဆိုပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ထိုအစည်းအဝေးသို့ အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့ ဦးဆောင် တက်ရောက်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အရပ်ဘက် ပုဂ္ဂိုလ်များထဲမှ ဦးကျော်ဝင်း၊ ဦးတင်မောင်မောင်သန်း၊ ဦးဘိုဘိုကျော်ငြိမ်း၊ ဒေါက်တာ တင်မောင်သန်း၊ ဦးထွန်းအောင်ချိန်၊ ဦးတာ၊ ဦးမင်းဇင်၊ လဖိုင်ဆိုင်းရော်၊ စိုင်းဆမ်ခမ်း၊ ဦးစိုင်းအိုက်ပေါင်း၊ ဒေါက်တာ စိုင်မွန်သာ၊ ဦးခက်ထိန် နန်၊ ဦးဇော်အေးမောင်၊ ဦးအောင်လှထွန်း၊ ဦးသီဟစော၊ ဦးခွန်မားကိုဘန်း၊ ဆလိုင်းငွန်ကျုံးလျှန်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါက်တာ မင်းနွယ်စိုး၊ ဦးမောင်မောင်စိုး၊ ဦးသန်းစိုးနိုင် တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ကတော့ စိတ်ဝင်တစား လေ့လာတဲ့သူတွေကိုပဲ ဖြစ်စေ၊ လူထုကိုပဲ ဖြစ်ဖြစ် အကြံဉာဏ် ယူတာကတော့ ကောင်းတဲ့ ကိစ္စပါ။ တကယ်တမ်း ဆုံးဖြတ် လုပ်ကိုင်ရမှာကတော့ NRPC နဲ့ ငြိမ်းချမ်းရေး ကော်မရှင်ပဲ ဖြစ်မှာပေါ့” ဟု ဦးမောင်မောင်စိုး က ပြောသည်။

အစိုးရဘက်ကတော့ ထိုအစည်းအဝေးသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းသာ ဖြစ်၍ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ဧရာဝတီသို့ ပြောသည်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင် ကမူ ဖိတ်ကြားခြင်းခံထားရသော်လည်း ဆွေးနွေး မည့် အကြောင်းအရာတွေကို မသိရှိရသေးကြောင်းနှင့် ၎င်းကိုယ်တိုင် တခြားအလုပ်ကိစ္စများ ရှိနေသဖြင့် တက်ရောက် ရန်ပင် မသေချာသေးဟု ဧရာဝတီသို့ ပြောသည်။

အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရသူ တဦးဖြစ်သည့် ဦးစိုင်းဆမ်ခမ်း ကလည်း “အခု အစည်းအဝေးက အလွတ်သဘောဖြစ်ပြီး၊ တာဝန်ရှိသူ ဘယ်သူတက်မယ်၊ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာ ဖိတ်စာမှာ မပါပါဘူး။ အာဂျင်ဒါကို မမြင်ရသေးပါဘူး”ဟု ဆိုသည်။

အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလေးပေး ဆောင်ရွက်နေသော်လည်း လက်ရှိအခြေအနေတွင် ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ပင်လျှင် အစိုးရ၊ တပ်မတော်တို့နှင့် NCA အကောင်အထည်ဖော်ရာ၌ ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုလာခဲ့သည်။

ထို့အတူ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲများ ရှေ့မဆက်နိုင်ပဲဖြစ်နေသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ဆွေးနွေးနေသည့် အခြေအနေမှာလည်း တိုးတက်မှုပြစရာ မတွေ့ရသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading