သတင်း

မန္တလေး ၂၆လမ်းမပေါ် ယာဉ်တိုက်မှု ယာဉ်မောင်းအား အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

အသက်မပြည့်သေးသည့် ယာဉ်မောင်းကြောင့် လူသေဆုံးခဲ့ရ၍ ၎င်းယာဉ်မောင်းကို လူသေစေမှုဖြင့် အမှု ဖွင့်ထားပြီး တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အမှတ်(၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးကြီးကံသိန်းက ပြောသည်။

“ပြစ်မှုကျူးလွန်ပြီး အသက်မပြည့်ဘဲ လွှတ်ပေးတယ်ဆိုတဲ့ ဥပဒေ ဘယ်မှာရှိလို့လဲ။ ယာဉ်စည်းကမ်း လမ်း စည်းကမ်းဖောက်ပြီး မောင်းနှင်တဲ့အတွက် အသက်ပြည့်ပြည့်၊ မပြည့်ပြည့် အဲဒါကို တာဝန်ယူရမှာပဲလေ၊ အဲဒီအတွက် လုပ်စရာရှိတာတွေ လုပ်နေပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၂၅ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က မန္တလေးမြို့ ဈေးချိုအနီး ၂၆လမ်း၊ ၈၈လမ်းနှင့် ၈၉ လမ်း ကြားတွင် ပြိုင်ကားပုံစံ ပြင်ဆင်ထားသည့် ရွှေငါးအမျိုးအစား အနီရောင်ကားကို မောင်းနှင်လာသူ အမျိုးသားသည် ဆိုင်ကယ်စီးလာသူကို ဝင်တိုက်မိရာမှ ဆိုင်ကယ်စီးအမျိုးသား ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မောင်းအမျိုးသားသည် အသက် ၁၆ နှစ်သာရှိပြီး ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားခြင်း မရှိသလို ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းသို့ တက်ရောက်မည့် ကျောင်းသားလည်း ဖြစ်သည်ဟု ၎င်း၏ ဖခင် ဦးဇော်လင်းက ပြောသည်။

လက်ရှိတွင် ယာဉ်မောင်းအား အမှတ်(၆)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) (ပေါ့ဆမှုကြောင့် လူသေစေမှု) ဖြင့် အမှုဖွင့်ထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့် ဆေးဝါးများ သုံးစွဲထားခြင်းရှိ၊ မရှိနှင့် တရားဝင် မှတ်ပုံတင်ထားသည့်ယာဉ် ဟုတ်၊မဟုတ် ဆက်လက် စစ်ဆေးနေကြောင်း ယာဉ်မှုစစ်ဌာနမှ သိရသည်။

ပုဒ်မ ၃၀၄(က)အရ ပြစ်မှုကျူးလွန်သူသည် တရားသူကြီး၏ အဆုံးအဖြတ်ဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံနိုင်ပြီး ဆေးစစ်ချက်အဖြေများ၊ ကညနမှ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံ၍ သတ်မှတ် စည်းကမ်းများ ဖောက်ဖျက်နေသည်ကို ထပ်မံတွေ့ရှိပါက နောက်ဆက်တွဲအဖြစ် ဆက်လက် အမှုဖွင့် သွားမည်ဟု ဒုရဲမှူးကြီးကံသိန်းက ပြောသည်။

ယင်းယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဖေ့စ်ဘုတ်တွင် ယာဉ်မောင်းအမျိုးသားငယ်သည် ပြိုင်ကားကို Drift ဆွဲ မောင်းနှင်သဖြင့် တဖက်မှ ဆိုင်ကယ်စီးလာသူအား အရှိန်ဖြင့် ရိုက်မိ၍ သေဆုံးရခြင်းဖြစ်သည် ဆိုသည့် ဝေဖန်သည့်ပို့စ်များကို ရေးသားဖြန့်ဝေခဲ့ကြရာ ယာဉ်မောင်း၏ ဖခင်ဖြစ်သူက ယင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

ဇူလိုင် ၂၆ ရက်က မန္တလေးတိုင်း ယာဉ်ထိန်းရုံးတွင် တွေ့ဆုံခဲ့သည့် ယာဉ်မောင်း၏ ဖခင် ဦးဇော်လင်းက “သားရဲ့ ကားက အနောက်ဘက်ကို လာတဲ့အခါမှာ မီးပွိုင့်က လွှတ်လိုက်တဲ့အချိန် ဖြစ်သွားတော့ အုပ်လိုက်ကြီး လာတာကို ရှောင်ဖို့အတွက် သူ့အဒေါ်အိမ်ကို ကွေ့ဝင်လာတဲ့အချိန် ဟိုဘက်က ဗိုလ်ကြီး ကလည်း မမြင်လိုက်တော့ ဖြစ်သွားတာပါ” ဟု ဧရာဝတီကို ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ၂၆ လမ်းသည် ဈေးချို၊ သီရိမန္တလာခရီးသည်တင်ကားဝင်း၊ မရမ်းခြံ ဆိပ်ကမ်း တို့ကို ဆက်သွယ်ထားသော အရှေ့၊အနောက်လမ်းမဖြစ်၍ နေ့လယ်ပိုင်းတွင် အသွားအလာရှုပ်ထွေးသည့် မြို့တွင်းလမ်းမကြီးလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading