သတင်း

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၈ ကြိမ်မြောက် အာမခံပယ်ချခံရ

“ကျည်ထောင်စုသစ္စာ”သရော်စာဖော်ပြမှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် The Voice အယ်ဒီ တာချုပ် ဦးကျော်မင်းဆွေ၏ အာမခံလျှောက်ထားမှုကို ၈ ကြိမ်မြောက်ဖြစ်သည့် ယနေ့ရုံးချိန်းတွင်လည်း အာမခံပေး၍ မရဟုဆိုကာ ဗဟန်းမြို့ နယ်တရားသူကြီးက ထပ်မံပယ်ချလိုက်သည်။

ဦးကျော်မင်းဆွေသည် တပ်မတော်က ရဲစခန်း တိုင်ကြားမှုသဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်အမှုဖွင့်ခံရပြီး တရားရုံးဦးတိုက်လျှောက်မှုအတွက် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)ဖြင့် ထပ်မံ တရားစွဲခံရခြင်းဖြစ်သည်။

ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “တရားစီရင်ရေးကို တစုံတခုက လွှမ်းမိုးမှုရှိနေ တယ်လို့ သံသယဖြစ်မိတယ်၊ တရားရုံးချုပ်ညွန်ကြားချက်၊ ဥပဒေတွေနဲ့ အမှုက ဘယ်လိုဆိုတာ ရှင်းလင်း နေပေမယ့် အခုတော့ကြန့်ကြာနေရတယ်”ဟု ဝေဖန်ပြောကြားသည်။

ရဲလက်စွဲဥပဒေအရ ဖြစ်ရပ်တခုအတွက် လူတဦးအပေါ် တရားလိုတဦးတည်းမှ ရဲစခန်းနှင့်တရားရုံးတို့တွင် တပြိုင်တည်းတိုင်ကြားပါက ရဲစခန်းတိုင်ကြားမှုကို တရားရုံးဦးတိုက်လျှောက်ထားမှု အဖြစ်သတ်မှတ်ကာ အမှုပိတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ဦးကျော်မင်းဆွေအနေဖြင့် အမှုနှစ်ခုကို ရင်ဆိုင်နေရဆဲဖြစ် သည်။

ပုဒ်မ ၂ ခုဖြင့် တပြိုင်တည်းတရားစွဲခံရမှုတွင် ၆၆(ဃ)အမှုအား ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းတရားလွှတ် တော်ချုပ်သို့ ဇူလိုင် ၂၆ ရက်နေ့က လျှောက်ထားခဲ့သော်လည်း ဇူလိုင် ၂၇ ရက်နေ့ညနေတွင် နှစ်ဖက် လျှောက်လဲချက်များ ပြီးဆုံးမှသာ ဆုံးဖြတ်မည်ဟု အကြောင်းပြန်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် ဦးကျော်မင်းဆွေအပေါ် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားမှုအား တပေါင်းတည်းစစ်ဆေးပေး ရန်လျှောက်ထားမှုကိုလည်း မြို့နယ်ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပြီး လာမည့်သြဂုတ်လ ၄ ရက်နေ့ရုံးချိန်း တွင် ဆုံးဖြတ်ရန် တရားရုံးက အတည်ပြုလိုက်သည်။

တရားပြသက်သေ အဖြစ် ဗိုလ်ကြီးသန်းထူးကို တရားလို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီး လင်းထွန်း မှ ထပ်မံတင်ပြခဲ့သော်လည်း ဗိုလ်ကြီး သန်းထူးသည် တရားခွင်စစ်ဆေးမှုများကို တောက်လျှောက် နားထောင်လာသူဖြစ်သဖြင့် လက်မခံနိုင်ကြောင်း The Voice ရှေ့နေဘက်မှ ပြန်လည်တင်ပြခဲ့သည်။

အမှုအား တရားလိုအဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးလင်းထွန်းမှ မေလ ၁၇ ရက်နေ့တွင် ဗဟန်းမြို့နယ်ရဲစခန်းနှင့် တရားရုံးတို့ကို အရေးယူပေးရန် တပြိုင်တည်းတိုင်ကြားလျှောက်ထားခဲ့ခြင်းဖြစ် သည်။

ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်သည်လည်း တရားရုံးဦးတိုက်လျှောက်ထားမှုကြောင့် သတင်းမီဒီ ယာဥပဒေပုဒ်မ ၂၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။

Loading