သတင်း

အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်ဘက်အကြံပြုချက်များရယူ

Want create site? Find Free WordPress Themes and plugins.

အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူဖြစ်စေရန်အတွက် အစိုးရအဖွဲ့ဝင်မဟုတ်သော အရပ်ဘက် ပုဂ္ဂိုလ်များ ကိုဖိတ်ခေါ်၍ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် ဇူလိုင်လ ၂၉ ရက်နေ့က အလွတ်သဘော အစည်းအဝေး တရပ် ပြုလုပ်ကာ အကြံပြုချက်များ ရယူခဲ့သည်။

အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

“နံပတ်တစ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူ့အသံကို နားထောင်မယ်ဆိုတဲ့ဟာကို နားထောင်ဖို့ အတွက် လုပ်တာ” ဟု အစည်းအဝေး တက်ရောက်သူ ပညာရှင် တဦးက သတင်းထောက်များကို ပြောသည်။

သုံးနာရီကျော်အကြာ ပြုလုပ်ခဲ့သော ထိုအစည်းအဝေးကို အစိုးရက ဖိတ်ကြားထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စိတ်ဝင် စားသည့် ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ၁၉၄၇ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် သတင်းစာဆရာ အချို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး တက်ရောက်သူ တဦးဖြစ်သည့် ဖက်ဒရယ်နှင့် တိုင်းရင်းသား ရေးရာ သုတေသီ ဦးမောင်မောင်စိုး ကလည်း “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ၁၉၄၇ ပင်လုံမှာ ပါဝင်တဲ့ မိသားစုဝင်တွေရယ်၊ ဒါနဲ့ပတ်သက်ပြီး ဆက်စပ်တဲ့ လေ့လာတဲ့သူတွေရဲ့ အမြင်သဘောထား တောင်းတာပေါ့။ ကိုယ့် အမြင်သဘောထားကို မျှပြီးတော့ ပြောကြတာပေါ့။ ဦးကျော်တင့်ဆွေနဲ့ ဒေါက်တာတင်မျိုးဝင်း ကတော့ နားထောင်ပေးတဲ့နေ့ပေါ့” ဟု သတင်းထောက်များကို ပြောသည်။

NLD အစိုးရအနေဖြင့် အစိုးရမဟုတ်သော အရပ်ဘက် ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အကြံ ပြုချက်များရယူခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုကဲ့သို့ လူထုအသံကို နားထောင်မှုသည် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း ဦးမောင်မောင်စိုး က သုံးသပ်သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် အစိုးရအဖွဲ့များက ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အကြံဉာဏ်တချို့နှင့် ပတ်သက်၍လည်း ပြောဆိုခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။

ဒေါက်တာ ဗညားအောင်မိုး က “အကြောင်းအရာက ငြိမ်းချမ်းရေး ကို အမြန်တည်ဆောက်ချင်တယ်။ နိုင်ငံတော် အတိုင်ပင်ခံက ပြောတဲ့ စကားတွေကို ကောက်နှုတ်ပြောတာရှိတာပေါ့။ ဒီငြိမ်းချမ်းရေးအတွက် အကျိုးရှိအောင် နိုင်ငံတော် အတိုင်ပင်ခံက အကြံဉာဏ်ပေးတယ်”ဟု ပြောသည်။

ဒေါက်တာ ဗညားအောင်မိုးက ၎င်းအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် သတ္တိရှိရှိ၊ စေတနာမှန်မှန်နှင့် ဆောင်ရွက်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာပေးရန် တင်ပြခဲ့သည်ဟု ဆိုသည်။

အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၇ ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် UNFC ဘက်မှ တင်ပြထားသော အချက် ၉ ချက်ကို အမြန်ဆုံး ပြေလည်အောင် ညှိနှိုင်းရန် အကြံပြုခဲ့သည်ဟုသိရသည်။

ထို့အတူ မြောက်ပိုင်း မဟာမိတ်အဖွဲ့များကိုလည်း ပစ်မထားဘဲ NCA လမ်းကြောင်းထဲပါလာစေရေး သတ္တိရှိရှိ ဆွဲဆောင်ရန်နှင့် ၆ လ တကြိမ်ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် တိုင်းရင်းသား အားလုံး၏ ဆန္ဒ ပါဝင်စေရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရန် ဆောင်ရွက်ရေးကို တင်ပြခဲ့ကြောင်းသိရသည်။

အလားတူ ဆွေးနွေးပွဲများကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ စသည့် သုံးပွင့်ဆိုင်ဆွေးနွေးရေး မဏ္ဍိုင်ကို အဓိကထားပြီးဆောင်ရွက်ပေးရန်နှင့် အပစ်ရပ်ပြီးနောက် အပစ်အခတ်ရပ်စဲရေးခိုင်မြဲရန် စောင့်ကြည့်ရေး အဖွဲ့များကို ခိုင်မာစေရန် စနစ်တကျဖွဲ့စည်းပြီး ထိုအဖွဲ့များ အလုပ်လုပ်နိုင်စေရန် အစိုးရအနေဖြင့် အထောက်အကူ အပြည့်အဝ ပေးရန် တင်ပြခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ တင်ပြတဲ့အချက်ကို တင်ပြဖို့ပဲလိုတယ်။ သုံးရရင် သူတို့ ကြိုက်ရင်သုံးမယ်၊ မကြိုက်ရင် မသုံးဘူး။ ဒီသဘောပဲ” ဟု ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။
ယနေ့အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုံခြုံမှု မရှိသဖြင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ မှေးမှိန်သွား ကြောင်း၊ NCA သဘောတူညီချက်အရ အခြေခံ ဥပဒေ ပြင်ဆင်ပြုပြင်ပြောင်းလဲရေး အတွက် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အားလုံးက လက်မှတ်ရေးထိုးနိုင်ရေး၊ NCA ရေးထိုးပြီးသည်နှင့် တပြိုင်တည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ကြရန် တင်ပြမှုများရှိကြောင်းလည်း သိရသည်။

ထို့အတူ ဒုက္ခသည်များအနေဖြင့် အချိန်ကြာလာသည်နှင့် အမျှ လိုအပ်ချက်တွေ များလာပြီး ဒုက္ခသည်များအပေါ် နိုင်ငံတကာ အကူအညီများ လျှော့ကျလာမှုကြောင့် အစိုးရအနေနှင့် ကူညီဆောင်ရွက်ပေးရန်၊ တပ်မတော်အစိုးရလက်ထက်တွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသော UWSA နှင့် အဖွဲ့အချို့ လက်မှတ်ရေးထိုးရန် လို၊ မလို မေးမြန်းမှုများနှင့် NCA ရေးထိုးခဲ့သော ၈ ဖွဲ့ အနက် အဖွဲ့အချို့မှာ အပစ်ရပ်ပြီးနောက် လက်ရှိ အစိုးရက ဥပေက္ခာပြု သကဲ့သို့ ခံစားမှုဖြစ်နေကြောင်း စသည်တို့ကိုလည်း တင်ပြမှုများရှိခဲ့ကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်သူတဦးဖြစ်သည့် AMRDP ပါတီ မှ ဒေါက်တာ မင်းနွယ်စိုး က “NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ အစိုးရအဖွဲ့ တောင်မှ ယုံကြည်မှု တော်တော်တည်ဆောက်ရဦးမယ်။ ယုံကြည်မှု တည်ဆောက်လိုက်ဦး သံသယတွေ ပျောက်အောင် လုပ်လိုက်ဦး၊ အဲဒါမှ ငြိမ်းချမ်းရေး ရဖို့ အတွက် ဆက်သွားလို့ရမှာ” ဟု တိုက်တွန်းပြောဆိုသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading