သတင်း

ဧရာဝတီတိုင်းတွင် H1N1 ကြောင့် လူ ၆ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီးတွင် A – H1N1 လူတုပ်ကွေး ရောဂါကြောင့် တလအတွင်း ပုသိမ်၊ ညောင်တုန်း၊ ပန်းတနော်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ကျုံပျော် စသည့် ဒေသ ၆ ခုမှ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီ က ယနေ့ ပြောသည်။

ဧရာဝတီတိုင်းတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လူပေါင်း ၄၀၆ ဦး ဖျားနာခဲ့ပြီး အဆိုပါ ဖျားနာသူများထဲမှ သံသယလူနာ ၁၃ ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၁၃ ဦးစလုံးတွင် A – H1N1 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ထို လူနာ ၁၃ ဦး အနက် ၆ ဦးသေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ် မန်းဂျော်နီက ပုသိမ်မြို့ ရှိ တိုင်းကျန်းမာရေး ဌာနတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

“အခုလို ရှင်းလင်းပွဲလုပ်တာက ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု၊ ကာကွယ်နှိမ်နင်းနိုင်မှု အခြေအနေမှန်တွေကို ပြည်သူလူထုကို ချပြချင်တဲ့အတွက် ဖြစ်ပါတယ်။ ပြည်သူလူထုကို လိမ်လို့ မဖြစ်ပါဘူး”ဟု ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

အမျိုးသားကျန်းမာရေးဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးအတည်ပြုချက်အရ ဧရာဝတီတိုင်းအတွင်း A – H1N1 ဖြစ်ပွားလူနာ အရေအတွက်မှာ ပုသိမ်မြို့နယ်တွင် ၆ ဦး၊ ညောင်တုန်းမြို့နယ်တွင် ၂ ဦး၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ပန်းတနော်မြို့၊ ဒေးဒရဲမြို့၊ ဖျာပုံမြို့နှင့် ကျုံပျော်မြို့တို့တွင် ၁ ဦးစီဖြစ်ပြီး စုစုပေါင်း ၁၃ ဦး ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ရောဂါဖြစ်ပွားသည့် ဒေသတိုင်းအား ကွင်းဆင်း ၍ ရောဂါနှိမ်နင်းရေး လုပ်ငန်းများနှင့် ပညာပေးခြင်း လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေ ကြောင်း ဝန်ကြီးချုပ် မန်းဂျော်နီက ဆိုသည်။

“ကျန်းမာရေးဌာနအနေနဲ့ ပညာပေးမှုတွေ လုပ်ဆောင်နေသလို ပြည်သူလူထုအနေနဲ့လည်း ပညာပေးမှုတွေကို အထူးဂရုစိုက် လိုက်နာဖို့ လိုပါတယ်။ ပညာပေးတဲ့လူတွေ ကောင်းအောင် ဘယ်လောက်ပြောပြော ကိုယ်တိုင် လိုက်မလုပ်ဘူးဆိုရင် မဖြစ်ပါဘူး။ အဓိက သတင်းစကား ပါးချင်တာကတော့ ရာသီတုပ်ကွေး ရောဂါ သံသယ ရှိသူများမှာ အဖျားအလွန်ကြီးတာ၊ အသက်ရှူကြပ်တာ၊ ဂနာမငြိမ်တာ၊ သတိလစ်တာတွေဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ချက်ချင်းကုသမှု ခံယူဖို့ တိုက်တွန်းပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ညောင်တုန်းမြို့နယ်၊ မိုးမခကျေးရွာရှိ ကျောင်းအုပ်ဆရာမကြီးမှာ A – H1N1 ရောဂါဖြင့် ကွယ်လွန်ဆုံးပါး ခဲ့သည့်အတွက် ၎င်းနေထိုင်ခဲ့သည့် အဆိုပါကျေးရွာသို့ ကျန်းမာရေးအဖွဲ့ စေလွှတ်ပြီး ရောဂါကူးစက်မှု ထိန်းချုပ်ရေးနှင့် ပညာပေးမှု လုပ်ငန်းများ ယနေ့ ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ကလည်း ပြောပြသည်။

“ဆရာမကြီးနေထိုင်ခဲ့တဲ့ မိုးမခကျေးရွာကို ညောင်တုန်းမြို့နယ် ဆရာဝန်ကြီးကနေ ကျန်းမာရေး အဖွဲ့တဖွဲ့ စေလွှတ်ပြီး ဆောင်ရွက်နေပါပြီ။ ရောဂါဖြစ်ပွားမှု ထိမ်းချုပ်နိုင်ရေးနဲ့ ကာကွယ်မှု ပညာပေးမှုတွေကို ကျနော်တို့ ကျန်းမာရေးဌာနအနေနဲ့ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေပါတယ်”ဟု သူက ပြောသည်။

ပုသိမ်မြို့ ပညာရေးကောလိပ်တွင် A – H1N1 ဖြစ်ပွားသူ ၄ ဦး တွေ့ရှိခဲ့ပြီး ကျန်းမာရေးဌာနမှ ဂရုစိုက် ကုသပေး ခဲ့ သည့်အတွက် လူနာ ၄ ဦးစလုံး ရောဂါပျောက်ကင်း သက်သာခဲ့ပြီး ရောဂါပျံ့နှံ့မှုမရှိစေရန် ထိန်းချုပ် နိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် A – H1N1 ရောဂါဖြစ်သည်ဆိုတိုင်း ကြောက်စရာမလိုကြောင်း၊ အသိနောက်မကျစေဘဲ စောလျင်စွာ ကုသမှုခံယူလျှင် ပျောက်ကင်းကြောင်း ဒေါက်တာ ထွန်းမြင့်က ဆိုသည်။

A – H1N1 လူတုပ်ကွေး ရောဂါလက္ခဏာများမှာ အဖျားကြီးပြီး ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ အသက်ရှူမရခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်လေ့ရှိကြောင်း သိရသည်။

သာမာန်တုပ်ကွေးဖြစ် ဖျားနာသူတွင် အဆိုပါလက္ခဏာ ရပ်များ တွေ့ရှိရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံသို့ အမြန်ဆုံးတက်ရောက် ကုသမှုခံယူရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

A – H1N1 လူတုပ်ကွေးရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လူထူထပ်သည့် နေရာများကို ရှောင်ကျဉ်ရန်၊ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ရန်၊ လူထူထပ်သည့် နေရာများ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း (Mask) တပ် သွားလာရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ချက်ချင်းဆေးကုသမှု ခံယူသည့်နည်းများဖြင့် ကာကွယ်နိုင်ကြောင်း တိုင်းကျန်းမာရေး ဌာနက သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading