သတင်း

၆၆(ဃ)ဖြင့် တရားစွဲခံထားရသည့် လယ်ဝေး NLD ပါတီဝင် ၂ ဦး အာမခံရ

Want create site? Find Free WordPress Themes and plugins.

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသည့် လယ်ဝေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်သက်သက်မော်နှင့် ဦးကျော်မျိုးလွင်တို့ ၂ ဦးမှာ ယနေ့ နေ့လည်ပိုင်းက လယ်ဝေးမြို့နယ် တရားရုံးတွင် ပြုလုပ်သည့် ဒုတိယမြောက် ရုံးချိန်းအပြီးတွင် အာမခံရရှိသွားကြောင်း သတင်းရရှိသည်။

ဒေါ်သက်သက်မော်က “အမှန်တင်တာကို ဒီလိုလုပ်တာက နောင်လာနောက်သားတွေ ဒီလို မလုပ်နိုင်အောင်ပဲ စိတ်ကြောက်သွားမှာ ကိုပဲ ကျမ စိုးရိမ်တယ်။ အမှန်တရားကို မဖော်ထုတ်ရဲတဲ့ ကလေးတွေ ပေါ်လာမှာကိုပဲ စိုးရိမ်တယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကျေးရွာ ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် အချုပ်ကျအဖြစ် အမှုရင်ဆိုင်နေရသူ လယ်ဝေးမြို့မှ ဒလန့်ချွန် ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေး၏ ရုံးထုတ်မြင်ကွင်းတခုကို ဒေါ်သက်သက် မော်က ၎င်း၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ၂၀၁၇ ခုနှစ်၊ ဧပြီလဆန်းပိုင်းက တင်ပြခဲ့၍ ဦးတင်ဌေး၏ ဦးလေးတော်စပ်သူ ဦးမောင်ဝင်းဆိုသူက ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်သက်သက်မော်၏ ဖေ့ဘုတ်ပို့စ်အား တဆင့်ဖော်ပြခဲ့သူ ဒလန့်ချွန်ရွာသား လယ်ဝေးမြို့နယ် NLD ပါတီဝင် ဦးကျော်မျိုးလွင်မှာလည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အဖမ်းခံရပြီး ၎င်းတို့ ၂ ဦးစလုံးမှာ လယ်ဝေး မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။

ပုဒ်မ ၆၆(ဃ)ဖြင့် အမှုရင်ဆိုင်နေရသူ ဒေါ်သက်သက်မော်က ၎င်းအနေဖြင့် မှန်ကန်သည့် ကိစ္စရပ်တခုကို ပြုလုပ်ခဲ့ ခြင်း ဖြစ်၍ ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးမှာ တဦးလျှင် ကျပ် ၁၀ သိန်းစီ အာမခံဖြင့် အချုပ်မှ လွတ်မြောက်ခွင့် ရရှိတော့မည် ဖြစ်ကြောင်း၊ ရုံးချိန်းကို သြဂုတ်လ ၁၄ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ၊ပထမ အကြိမ် ရုံးချိန်းကတည်းက အာမခံ ရရှိနိုင်သော်လည်း ရုံးထုတ်နောက်ကျ၍ အာမခံ မရရှိခဲ့ဘဲ မီဒီယာ သို့လည်း လွတ် လပ်စွာ ပြောဆိုခွင့် မရခဲ့၍ လူ့အခွင့်အရေး ဆုံးရှုံးရကြောင်း တရားရုံးထုတ်မှ အပြန်တွင် မီဒီယာများသို့ ပြောသည်။

ပုဒ်မ ၆၆(ဃ)သည် ၃ နှစ်ထက်မပိုသော ပြစ်ဒဏ်သာပေးနိုင်၍ တသက်တကျွန်းဒဏ် ထိုက်သင့်သည့် အမှုအမျိုးအစားတွင် မပါ ဝင်ခြင်း၊ ယခုအမှုတွင် တရားခံနှင့် တရားလိုတို့သည် သဟဇာတမဖြစ်၍ သက်သေများကို ဖျက်ဆီး အကြောင်း မရှိခြင်းနှင့် ခိုင်ခိုင် လုံလုံ အာမခံမည့်သူများကို ရုံးတော်ကို တင်ပြနိုင်သည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အရ အာမခံပေးခြင်း ဖြစ် ကြောင်း လယ်ဝေးမြို့နယ် တရားသူကြီး ဦးဝင်းဦးက မီဒီယာများသို့ ပြောသည်။

၎င်းက “အာမခံပေးတယ်၊ မပေးဘူးဆိုတာက တရားရုံးရဲ့ ဆင်ခြေတုံတရား အပေါ်မှာ မူတည်တယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေအရ အာမခံ မပေးနိုင်တဲ့ အမှုအမျိုးအစားထဲမှာ ပါသော်လည်းပဲ တသက်တကျွန်းဒဏ် ထိုက်သင့်တဲ့ အမှုမဟုတ်ဘူးဆိုရင် အာမခံပေးနိုင်တယ် လို့ ပြဌာန်းထားပါတယ်”ဟု ရှင်းပြသည်။

တနိုင်ငံလုံးတွင် ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် အမှုပေါင်း ၈၀ အထိ ရှိလာပြီး ၎င်းတို့ထဲတွင် ယခင်အစိုးရ လက်ထက်က အမှု ၇ မှုတွင် ပြစ်ဒဏ်ကျခံရသူ ၅ မှု၊ ယခုအစိုးရ လက်ထက်တွင် အမှုပေါင်း ၇၃ မှုတွင် ပြစ်ဒဏ်ကျပြီး ၁၁ မှု ၊ အာမခံ မရသည့်အမှု ၁၀ မှုနှင့် ကျန်မှုများမှာ ဆက်လက် စစ်ဆေးခံရသည့် အမှုများ ဖြစ်သည်ဟု သိရသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း လုပ်သူများကို အရေးယူရန် ပြဌာန်းထားပြီး ယင်းဥပေဒကြမ်းကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်တွင် ကြိုးစားလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading