မန္တလေးဆေးရုံကြီးသို့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေက H1N1 သံသယရှိ လူနာ ၂ဦး ရောက်ရှိလာသဖြင့် စမ်းသပ် စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း မန္တလေးတိုင်း ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဒေါ်သန်းသန်းမြင့်က ဧရာဝတီကို ပြောသည်။
၎င်းလူနာအမျိုးသမီး ၂ ဦးသည် ဇူလိုင်လ ၃၀ ရက် ညနေက မန္တလေးဆေးရုံကြီးသို့ ရောက်လာခဲ့ပြီး H1N1 ရောဂါ သံသယလူနာဖြစ်သောကြောင့် ပိုးရှိ၊ မရှိ စမ်းသပ် စစ်ဆေးခဲ့ရာ အဖြေ “Negative” ထွက်သဖြင့် ရောဂါပိုး မရှိဟု သုံးသပ်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က “H1N1 ရဲ့ ရောဂါ လက္ခဏာတွေထဲက တချို့ကို တွေ့ရတော့ သံသယဖြစ်ပြီး ဖြစ်နိုင်ခြေ ရှိ၊ မရှိ စစ်ဆေးလိုက်တာပါ။ မတွေ့တဲ့အတွက် ခွဲခြား ဆက်ဆံတဲ့ပုံစံဖြစ်မှာ စိုးတဲ့အတွက် သီးသန့်ခန်းမှာ မထားတော့ဘဲ ဖျားနာဆောင်မှာပဲ ပြောင်းထားတော့မှာပါ” ဟု ဧရာဝတီကို ပြောသည်။
သို့သော် ၎င်းလူနာနှစ်ဦးအား အသက်ရှူလမ်းကြောင်းတလျှောက် ရှိသည့်အရည်ကို ဓာတ်ခွဲစစ်ဆေးရန် ရယူခြင်း (Nasopharyngeal Swab ) ပြုလုပ်ခဲ့ပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ ပေးပို့၍လည်း ထပ်မံ စစ်ဆေးမှု ပြုလုပ်ထားကြောင်း မန္တလေးတိုင်း ကုသရေးဦးစီးဌာနမှ သိရသည်။
ပထမ ရောက်ရှိသည့် လူနာသည် ရမည်းသင်းမြို့နယ်နှင့် မိုင် ၂၀ ဝေးသည့်ကျေးရွာမှ ဖြစ်ပြီး အသက် ၆၀ အရွယ် အမျိုးသမီးဖြစ်ရာ မန္တလေးဆေးရုံကြီးသို့ နှလုံးသွေးကြောကျဉ်း ရောဂါပြသရန် ရောက်ရှိလာခြင်းဖြစ်ပြီး ရာသီ တုပ် ကွေး၏ ရောဂါလက္ခဏာအချို့ကို စစ်ဆေးတွေ့ရှိသဖြင့် သံသယလူနာအဖြစ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ(ရွှေစာရံအနီး)မှ လာရောက်သည့် လူနာအမျိုးသမီးမှာ အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်ဖြစ်ပြီး H1N1 ရောဂါသံသယရှိ၍ လာရောက် ပြသခြင်းဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) သံသယရှိသည့် လူနာ ၂၁၃ ဦး ၊ ရာသီတုပ်ကွေးSeasonal Influenza A(H1N1) pdm 09 Positive လူနာစုစုပေါင်း ၆၂ ဦး နှင့် သေဆုံးသူ ၁၂ ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။