သတင်း

တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်စစ်တပ်များ လုံခြုံရေးချထား

Want create site? Find Free WordPress Themes and plugins.

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် တရုတ်စစ်တပ်များ လုံခြုံရေး ချထားခြင်းသည် မြန်မာနိုင်ငံဘက်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် မုန်းကိုး၊ ကြူကုတ် (ပန်ဆိုင်း) နှင့် နမ့်ခမ်းမြို့အကြား နေရာတလျှောက်တွင် တရုတ် စစ်တပ်များကို ယခုလ ၂၅ ရက်နေ့ နောက်ပိုင်းကစပြီး လုံခြုံရေးချထားကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က ပြောသည်။

ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က “တရုတ်နယ်စပ်ဘက်မှာက မုံးကိုးဘက်ကနေ ဒီဘက်တကြော တရုတ်စစ်တပ်တွေ ထူးထူး ခြားခြား တိုးချထားတာ တွေ့တယ်။ အဓိကကတော့ ကျနော်တို့အဖွဲ့တွေက လားရှိုး၊ မူဆယ်ဘက်ကို ဝင်ချမယ်၊ ဗုံးတွေခွဲမယ်၊ စသဖြင့် မြန်မာဘက်က ပေးတဲ့ သတင်းမှားတွေကြောင့် တရုတ်ဘက်ကလည်း လုံခြုံရေးတွေ ချတယ်လို့ဘဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက တရုတ်- မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း)၊ မုန်းကိုး၊ ဖောင်းဆိုင်၊ သိန်းနီ၊ ကွတ်ခိုင်နှင့် မူဆယ် ၁၀၅ မိုင် တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) ပူးပေါင်း မဟာမိတ်တပ်များက စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသည်။

လတ်တလောတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်စစ်ကြောင်းများနှင့် MNDAA နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပွားနေသဖြင့် မြောက်ပိုင်းအင်အားစုများက ပြန်လည်စုဖွဲ့ပြီး စစ်ဆင်ရေး ပြန်လည် ပြုလုပ် လာနိုင်ဖွယ် ရှိနိုင်ကြောင်း တွက်ဆပြီး ယင်းသို့ ဖြစ်လာပါက တရုတ်နိုင်ငံဘက်ကို ထိခိုက်မှု မရှိစေရန် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း ဖက်ဒရယ်နှင့် တိုင်းရင်းသား ရေးရာ သုတေသီ ဦးမောင်မောင်စိုး က ပြောသည်။

ဦးမောင်မောင်စိုး က “အရင်တုန်းကတော့ တိုက်ပွဲဖြစ်ပြီးမှ တရုတ်တပ်က သူ့နယ်စပ်လုံခြုံရေး ယူတာကိုး။ အခုကတော့ ကြိုတင်သတင်း ထောက်လှမ်းပြီး သူ့နယ်စပ်လုံခြုံရေးအတွက် ကြိုတင်ယူထားတယ်လို့ ယူဆရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေဖြင့် ၂၀၁၆ နှစ်ကုန်ပိုင်းက စစ်ဆင်ရေးများကဲ့သို့ လုပ်ဆောင်လာနိုင်ကြောင်း တရုတ် အစိုးရဘက်သို့ သတင်းမှားများ ပေးပို့နေသဖြင့် တရုတ်အစိုးရဘက်က ၎င်းတို့ထံ ဟုတ်၊ မဟုတ် အတည်ပြုချက် လှမ်းတောင်းမှုများ ရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က ပြောသည်။

လတ်တလောတွင် MNDAA နှင့် TNLA လှုပ်ရှား နယ်မြေများအတွင်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသော်လည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက စတင်ပြုလုပ်ခဲ့သော စစ်ဆင်ရေးမျိုးပြုလုပ်ရန် အစီအစဉ်မရှိကြောင်း ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က ပြောသည်။

“မရှိပါဘူး။ ကျနော်တို့လည်း တရုတ်ဘက် (ထောက်လှမ်းရေးဌာနနှင့် နိုင်ငံခြားရေးဌာန) ကို ပြောပါတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်။ တိုက်ပွဲတွေ ပြင်းတာမှန်တယ်။ မလိုအပ်ဘဲနဲ့ အဲဒီလိုမလုပ်ဘူးဆိုတာကို” ဟု ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က ပြောသည်။

ထိုကဲ့သို့ သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဧရာဝတီက ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော က“အဲဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ ပြတ်တောက်လိုက်၊ ပြန်ဆက်သွယ်လိုက်ပဲ ဖြစ်နေမယ်ထင်ပါတယ်။ ကြည့်ရတာ တသမတ်တည်းတော့ သွားနိုင်ချင်မှ သွားနိုင်မယ်လေနော်၊ အခုကာလက မိုးတွင်းကာလ ကလည်းဖြစ်တော့ စစ်ဆင်ရေးတွေ ဘာတွေကလည်း ဘာမှ သိပ်ပြဿနာကလည်း မပေါ်သေးဘူးဖြစ်တာကိုး။ ပွင့်လင်းရာသီဖြစ်လာရင်တော့ ဘာတွေဖြစ်လာဦးမလဲ မသိဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

KIA၊ TNLA၊ MNDAA နှင့် AA တို့သည် “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင်နေပြီး လတ်တလော အစိုးရနှင့် အပစ်ရပ်နိုင်ရေးအတွက် ဆွေးနွေးပွဲများ ရပ်တန့်လျှက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading