သတင်း

H1N1 လူနာအချို့ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရ

ရာသီတုပ်ကွေး(H1N1)ကြောင့် ဆေးကုသမှု ခံယူနေရသူအချို့သည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်၍ သက်ဆိုင်ရာ ဆေးရုံများမှ ဆင်းခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော ကလေးငယ် တဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်လာ သဖြင့် ဇူလိုင်လ ၂၈ ရက်တွင်ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အရိုးအကြောအထူးကုပညာ ဒုတိယနှစ်ဘွဲ့ လွန်သင်တန်းတက်ရောက်နေသောဆရာဝန် ဦး တင်ကိုကိုလွင်နှင့် ၎င်း၏ ဇနီးတို့သည် လည်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဇူလိုင် ၃၁ရက်တွင် ဆေးရုံမှ ဆင်းနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

“ဆေးရုံကဆင်းသွားတာတဦးပါ။ ၂၈ ရက်နေ့ကဆင်းသွားတာ။ လက်ရှိရှိနေတာ ၄ ယောက်ပါ ။ အခြေအနေကတော့ မဆိုးပါဘူးသက်သာပါတယ်။ ၄ ယောက်စလုံးကလည်း ရန်ကုန်ကချည်းပဲ။ ၄ ယောက်မှာ ၃ယောက်ပဲ သိသေးတယ်။ နောက်တယောက်ကတော့ အဖြေမသိသေးပါဘူး။ နောက်ဆုံးရောက်တဲ့ တယောက်က စစ်ဆေးဆဲပါ။ သံသယပဲ ရှိသေးတယ်။ အဖြေကတော့ ၂ ရက်လောက်နေရင် သိရပါမယ်” ဟု ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင် က ဧရာဝတီသို့ ပြောသည်။

ရန်ကင်း ကလေး ဆေးရုံ၌ ရာသီတုပ်ကွေး (H1N1) ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ကလေးငယ် ၂ ဦးနှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး (H3N2) ရှိသူ ကလေးငယ် တဦး ဆေးကုသမှု ခံယူနေပြီး H1N1 သံသယရှိကလေးငယ် တဦးကိုစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော Seasonal Influenza A(H1N1) pdm09 Positive လူနာ ၁ဝ ဦးသည်လည်း ရောဂါသက်သာကောင်းမွန်သဖြင့် ဇူလိုင်လ ၂၅ ရက်ကတည်းက ဆေးရုံမှ ဆင်းစေခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့၌ သတင်းထုတ် ပြန်ထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) သံသယ လူနာ ၂၁၃ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာစုစုပေါင်း ၆၂ ဦး နှင့် သေဆုံးသူ ၁၂ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။

Loading