သတင်း

ညောင်တုန်းမြို့တွင် H1N1 လူနာ တဦးထပ်မံ တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ကူးစက်မြန် ပြင်းထန် တုပ်ကွေး A – H1N1 ရောဂါဖြစ်ပွားနေသည့် တတိယလူနာ တဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လူနာမှာ ညောင်တုန်းမြို့ အပြင်တိုးချဲ့ရပ်ကွက် ၄ မှ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့က ညောင်တုန်းဆေးရုံသို့ တက်ရောက်ကုသခဲ့ရာA – H1N1 တုပ်ကွေးရောဂါ လက္ခဏာတချို့ တွေ့ရှိရသည့်အတွက် ရန်ကုန်ကလေးဆေးရုံကြီးသို့ ချက်ခြင်းလွဲှပြောင်း ကုသစေခဲ့ပြီး ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကလေးထံတွင် A – H1N1 ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးက ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်မှာ ဆေးရုံရောက်လာတယ်။ သူ့မှာ အသက်ရှူကြပ်တာ၊ အဖျားကြီးတာတွေ တွေ့ရတဲ့အတွက် ရန်ကုန်ကလေးဆေးရုံကြီးကို ၆ နာရီ ၅၅ မိနစ်မှာ လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အခု အဲဒီကလေးမှာ A – H1N1 ပိုးတွေ့ရတယ် ဆိုပြီး ရန်ကုန်က ကျနော်တို့ဆီကို အကြောင်း ပြန်ကြားလာပါတယ်”ဟု ညောင်တုန်းဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်က ဧရာဝတီကို ပြောသည်။

A – H1N1 ပိုးတွေ့ကြောင်း အကြောင်းပြန်ကြားမှုရသည်နှင့် ညောင်တုန်းမြို့နယ်ကျန်းမာရေးဌာနမှ အဆိုပါ ကလေးငယ်နှင့် အတူနေထိုင်ခဲ့သူ မိသားစုဝင်များနှင့် နေထိုင်ရာပတ်ဝန်းကျင်နေရာများသို့ ယမန်နေ့က ကွင်းဆင်း စစ်ဆေးပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပညာပေးမှုလုပ်ငန်းများ လုပ်ဆောင်ထားကြောင်း
ဦးမောင်မောင်က ဆိုသည်။

ညောင်တုန်းမြို့တွင် ဇူလိုင်လလယ်ပိုင်းအတွင်းက A – H1N1 ရောဂါဖြစ်ပွားသူ ၂ မိုးမခကျေးရွာမှ ကျောင်းအုပ်ဆရာမကြီးမှာ A – H1N1 ရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ညောင်တုန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ ပန်းတနော်နှင့် ကျုံပျော်စသည့် ဒေသ ၆ ခု တွင် ကူးစက်မြန် ပြင်းထန် လူတုပ်ကွေး A – H1N1 ရောဂါ ဖြစ်ပွားမှုများရှိနေပြီး ပုသိမ်မြို့နယ်မှာ ဧရာဝတီတိုင်းတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကာ ညောင်တုန်းမြို့နယ်မှာ ဒုတိယအများဆုံး ဖြစ်ပွားသည့် မြို့နယ်အဖြစ် တည်ရှိနေသည်။

အမျိုးသားကျန်းမာရေးဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးအတည်ပြုချက်အရ ဧရာဝတီတိုင်း၌ ပြီးခဲ့သည့် ဇူလိုင်လအတွင်း A – H1N1 ဖြစ်ပွားလူနာ အရေအတွက်မှာ ပုသိမ်မြို့နယ်တွင် ၆ ဦး၊ ညောင်တုန်းမြို့နယ်တွင် ၂ ဦး၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ပန်းတနော်မြို့၊ ဒေးဒရဲမြို့၊ ဖျာပုံမြို့နှင့် ကျုံပျော်မြို့တို့တွင် ၁ ဦးစီဖြစ်ပြီး စုစုပေါင်း ၁၃ ဦး ဖြစ်ကြောင်း၊ အဆိုပါ လူနာများအနက် ၆ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

“ဒီရောဂါက ညောင်တုန်းမြို့ကလူတွေဆီ ဘယ်လိုကူးစက်လာသလဲဆိုတာတော့ ကျနော်တို့ အဖြေ အတိအကျ မတွေ့သေးဘူး။ သို့ပေမယ့် ရောဂါဖြစ်သွားတဲ့ဒေသတိုင်းကို ချက်ခြင်းကွင်းဆင်းပြီး ထပ်မံဖျားနာနေတဲ့ လူနာတွေ ရှိ၊ မရှိ စောင့်ကြည့်တယ်။ ပညာပေးတယ်။ အဲဒီဒေသကလူတွေ ဖျားနာတာနဲ့ ချက်ချင်း ဆေးရုံကို အကြောင်းကြားပြီး ကုသမှုလာရောက်ခံယူဖို့ စီမံဆောင်ရွက်ထားပါတယ်”ဟု ညောင်တုန်းဆေးရုံမှ တာဝန်ရှိသူ ဦးမောင်မောင်က ပြောသည်။

A – H1N1 လူတုပ်ကွေးရောဂါလက္ခဏာများမှာ အဖျားကြီးပြီး ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ အသက်ရှူမရခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်လေ့ရှိကြောင်း သိရသည်။ သာမာန်တုပ်ကွေးဖြစ်၍ ဖျားနာသူတွင် အဆိုပါလက္ခဏာ ရပ်များ တွေ့ရှိရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံသို့ အမြန်ဆုံးတက်ရောက် ကုသမှုခံယူရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

ယင်းရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လူထူထပ်သည့် နေရာများကို ရှောင်ကျဉ်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ရန်၊ လူထူထပ်သည့် နေရာများ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း Mask တပ် သွားလာရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ချက်ခြင်းဆေးကုသမှု ခံယူသည့်နည်းများဖြင့် ကာကွယ်နိုင်ကြောင်း တိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading