မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်ပြုံးဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲတော်နှင့်တောင်ပြုံးမင်းနှစ်ပါးနတ်ပွဲကို H1N1 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းပိတ်သိမ်းလိုက်သဖြင့် ဒေသခံပြည်သူများနှင့်ပွဲတော်လာဈေးရောင်းချသူများမှာ ကျပ်သိန်း ၂ သောင်းခန့် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်ဟု သိရသည်။
“ပွဲတော်မှာ ဈေးရောင်းချသူတွေနဲ့ ဒေသခံပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုများစွာရှိခဲ့ပါတယ်၊ ပွဲတော်တကွင်းလုံးကို လေလံစနစ်နဲ့ ပေးထားတော့ သူ့အပိုင်းအလိုက် လေလံအောင်သူတွေလည်း ဆုံးရှုံးနစ်နာကြရတာပါပဲ။ ကော်မတီက ကန်ထရိုက်ကြေး သွင်းထားတာတွေကို ပြန်ပေးဖို့ စီစဉ်ထားပါတယ်၊ ဈေးဆိုင်ခန်းတွေကိုတော့ စရံပေးထားတဲ့သူတွေကို ပြန်မပေးတော့ဘဲ လာမယ့်နှစ်အတွက် ကြိုတင် ယူထားလိုက်တော့ မှာပါ၊ ဆိုင်ခန်းကြေး အကြေပေးသွင်းပြီးသူတွေ ပြန်လိုချင်ရင်လည်း ပေးသွားမယ်၊ မလိုချင်ရင်လည်း စာရင်းဇယားနဲ့ တိတိကျကျ လက်ခံပေးထားပါမယ်”ဟု ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌဦးခင်မောင်ဆွေက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရေး အထူးအစည်းအဝေး ဆုံးဖြတ်ချက်များအရ ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိ ကျင်းပရန်ရှိသော တောင်ပြုံး ပွဲတော်အား မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားနေမှု အပေါ်မူတည်ကာ ပြည်သူလူထု ကျန်းမာရေး လုံခြုံမှုရှိစေရန်အတွက် H1N1 ရောဂါထိန်းချုပ်နိုင်သည့်ကာလအထိ ရက်ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “တောင်ပြုံးပွဲက တနိုင်ငံလုံး ကလာကြမှာ ဆိုတော့ ပွဲတော် ကနေ တဆင့်ရောဂါပျံ့နှံ့တာမျိုး မဖြစ်စေချင်လို့ ပွဲမိန့်ပိတ်သိမ်း လိုက်တာပါ၊ H1N1 ရောဂါက အဓိက ရန်ကုန်မှာဖြစ်နေတာ၊ တနေရာမှာ ရောဂါဖြစ်တယ်ဆိုတာနဲ့ ဒေသ တွင်းမှာရှိတဲ့ပွဲ မိန့်တွေ အကုန်ပိတ်ရမှာပါ၊ ဒါဟာ ကျန်းမာရေး ညွှန်ကြားချက်ပဲ၊ အမျိုးသားကျန်းမာရေးရှုထောင့်ကနေကြည့် ရင်လည်း ပိတ်ကိုပိတ်ရမှာဖြစ်တယ်၊ နောက်ပိုင်းပွဲတော်တွေကိုလည်း H1N1 ရောဂါအခြေအနေကိုကြည့်ပြီး ပွဲမိန့်ပေးသင်၊့ မပေးသင့် စဉ်းစားသွားမှာပါ”ဟု ပြောသည်။
တောင်ပြုံးပွဲတော်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပွဲတော်များအနက် အစည်ကားဆုံးပွဲတော်တခု ဖြစ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လဆန်း ၁၅ ရက် (လပြည့်နေ့) နေ့အထိ ကျင်းပပြုလုပ်သည့် ပွဲတော်ကြီးတ ခုဖြစ်သည်။
“ကျမတို့က အထက်မြန်မာပြည်မှာ ကျင်းပတဲ့ပွဲတော်ကြီးတွေအကုန်နီးပါး ဈေးလိုက်ရောင်းနေတာပါ၊ ဒီတောင်ပြုံး ပွဲဆိုရင် လည်း နှစ်တိုင်းဝင်နေကြ၊ ဒီနှစ်တော့ H1N1 ရောဂါကြောင့် ပွဲတော်ပိတ်လိုက်ရတယ်၊ ကျန်းမာရေးအရ ပိတ်တာဆိုတော့ ဘာမှမပြောချင်ပေမယ့် အလုပ်သမားစရိတ်၊ သယ်ယူတဲ့စရိတ်တွေအပါအဝင် သိန်း၅၀ အနည်းဆုံး ဆုံးရှုံးခဲ့ရပါတယ်”ဟု နီနီဝင်း ထိုးမုန့်၊ ကရေကရာ အရောင်းဆိုင်ပိုင်ရှင်မှ ပြောသည်။
တောင်ပြုံးပွဲတော်အတွင်း လာရောက်သူမှာ နေ့စဉ် လူဦးရေ ၁ သိန်းကျော်ရှိကြောင်း၊ ရောင်းချမည့် ဈေးဆိုင်ခန်းပေါင်း ၈၃၀ ကျော်ရှိပြီး ဈေးကြီးအပိုင်း၌ ဆိုင်ခန်း ၅၁၀ ကျော်၊ ဈေးလေးဘက် အပိုင်း၌ ဆိုင်ခန်း ၃၂၀ ကျော် စုစုပေါင်း ဈေးဆိုင်ခန်း ၈၃၀ကျော် ချပေးထားကြောင်း၊ ဆိုင်ခန်းဈေးနှုန်းများမှာ နေရာနှင့်ရောင်းချမည့်ကုန်ပစ္စည်းအပေါ်မှုတည်၍ ဆိုင်ခန်းတစ်ခန်း ကျပ်ခြောက်သောင်း၊ ကျပ်တစ်သိန်းငါးသောင်း၊ ကျပ်နှစ်သိန်းနှုန်းများဖြင့် ဝယ်ယူကြရသည်ဟု သိရသည်။
“ဒီနှစ်ပွဲတော်မတိုင်ခင် ဖြစ်ပေါ်ခဲ့တဲ့ H1N1 ရောဂါကြောင့် ပွဲတော်ပိတ်လိုက်ရတယ်၊ ရိုးရာဓလေ့အရ ကျမတို့ဆိုရင်နှစ် တိုင်းလာရောက်နေကြတာပါ၊ တောင်ပြုံးကွင်းတခုလုံးမှာ နတ်ခန်းပေါင်း ၃၀၀ ကျော်ရှိတယ်၊ နယ်စုံကနေ ပွဲတော် မတိုင်ခင် တပတ်လောက်က ကြိုလာကြရတာဆိုတော့ စရိတ်တွေအပါအဝင် နတ်ခန်းတခန်း သိန်းဆယ်ဂဏန်းအထက် ဆုံးရှုံးနစ်နာကြမှာ” ဟု ရန်ကုန်မြို့မှလာရောက်သည့် ကန္နားစီးမင်းမင်းက ပြောသည်။
တောင်ပြုံးကျေးရွာအတွင်း ပွဲတော်သို့ ရောက်ရှိနေသူများအားလုံးကို သြဂုတ် ၂ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ပွဲတော်ကျင်းပရေးကော်မတီမှ ပွဲတော်အတွင်းရောက်ရှိသူဧည့်သည်များ အမြန်ဆုံး ပြောင်းရွှေ့နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။