သတင်း

ကော့ကရိတ်မြို့နယ်တွင် မူးယစ်ဆေးဖမ်းဆီးစဉ် သေနတ်ဖြင့်ပစ်ခတ်သူများကို ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဇူလိုင် ၃၁ ရက်နေ့ညပိုင်းက ကျုံဒိုးဘက်မှမောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးနေစဉ် သေနတ်ဖြင့်ခုခံပစ်ခတ်ခဲ့သည့် ယာဉ်ပေါ်တွင် ပါဝင်သူ ၃ ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျုံဒိုးရဲစခန်းမှ အမှုစစ်ဒုရဲအုပ် နေထက်ဦးက “လက်နက်နဲ့အတူဖမ်းမိတဲ့အထဲ PC တံဆိပ်ပါတဲ့ ဦးထုပ် တလုံး ပါတယ်၊ အခု ကစစ်ဆေးနေဆဲဖြစ်လို့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုရှိ၊ မရှိမသိရသေးပါဘူး၊ ပြန်လည်ပစ်ခတ်ခဲ့ တယ်လို့ သိထားရတယ်”ဟု ပြောသည်။

ဖမ်းမိထားသူများဖြစ်သည့် စောထိကွေ၊ ရဲမင်းနှင့် စောအောင်မြင့်တို့မှာ ကော့ကရိတ်မြို့နယ်၊ နို့ထီးလယ် ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၅/ ၁၉/ ၂၁ တို့ဖြင့် ကျုံဒိုး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊ အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရန် ဖမ်းမိ ထားသူ ၃ ဦးအား ကော့ကရိတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ရယူခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသည်။

ဖမ်းဆီးရမိသည့်ပစ္စည်းများတွင် M 16 သေနတ်တလက်၊ ကျည်ဖြည့်ထားသော ကျည်အိမ် ၃ ခု၊ Fuse တပ်ထားသည့် 91 အမျိုးအစား လက်ပစ်ဗုံးတလုံး၊ ယာဉ်ပေါ်ပါသူတဦးဝတ်ဆင်ထားသည့် Equipment တစုံ၊ လက်နက်ကိုင်အဖွဲ့အစည်းတံဆိပ်ပါ ဦးထုပ်တလုံးနှင့် WY မူးယစ်ဆေးပြား ၁၀၀၀ ပြားကို ဖမ်းဆီးရ မိခဲ့ကြောင်းသိရသည်။

PC တံဆိပ်နှင့်ပတ်သက်၍ တာဝန်ရှိသူတွေအနေဖြင့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဌာနချုပ်သို့ အသိပေးဆက်သွယ်လာခြင်း မရှိသေးသော်လည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသဖြင့် ယင်းကိစ္စကို သိရကြောင်း KNU/KNLA-PC ဌာနချုပ်မှ တာဝန်ရှိသူ မောင်ထွန်းငြိမ်းက ပြောသည်။

မောင်ထွန်းငြိမ်းက “အခုက PC နာမည်ကိုရောင်းစားနေတဲ့သူတွေ အများကြီးပဲ၊ အရင်ကလည်း ဒီလိုဖြစ် တာတွေရှိတယ်၊ မှန်ကန်ရင်လည်း အရေးယူရမှာပါပဲ”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်အတွင်း ဖမ်းမိထားသည့် မူးယစ်တရားခံ မသန်းသန်းဝင်းအား ဘားအံခရိုင်တရားရုံးမှ ရုံးထုတ်ပြီးအပြန်တွင် လက်နက်ကိုင်လူတစု၏ ပစ်ခတ်လုယူ ခြင်းခံခဲ့ရပြီး ၎င်းဖြစ်စဉ်အတွင်း ရဲတပ်ကြပ်တဦးသေနတ်ထိမှန်သေဆုံးမှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် မူးယစ်တရားခံ မသန်းသန်းဝင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ပစ်ခတ်မှုတွင် ပါဝင်ခဲ့သူ တဦးနှင့် အမှုတွင် ဆက်စပ်သူ ၆ ဦးခန့်ကို ဖမ်းဆီးထားကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading