သတင်း

ဂျပန်အစိုးရ အကူအညီဖြင့် ဆောက်လုပ်သည့် သာကေတတံတားသစ် ၆၄ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ပုဇွန်တောင်ချောင်းကို ဖြတ်၍ ဆောက်လုပ်နေသည့် သာကေတတံတားသစ်မှာ ၆၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ တံတား ပြီးစီးပါက ယာဉ်ကျောကျပ်တည်းမှုကို လျော့နည်းစေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း တည်ဆောက်နေခြင်း ဖြစ်ပြီး ဆောက်လုပ်ချိန် ၁ နှစ်ခွဲရှိပြီဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် စစ်တမ်းများအရ လက်ရှိ အသုံးပြုနေသော သာကေတ တံတားအဟောင်းတွင် ၁ ရက်လျှင် ကားအစီးရေ ၂ သောင်းကျော် ဖြတ်သန်းနေပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ကားအစီးရေ ၅ သောင်းကျော် ဖြတ်သန်းမည်ဟု ခန့်မှန်းထားရာ တံတားဟောင်း၏ ခံနိုင်ရည်ဝန်အား ကျဆင်းလာခြင်းကြောင့် တံတားသစ်ထပ်မံ တည်ဆောက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီး ဌာနမှ သိရသည်။

“ဂျပန်နိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ချေးငွေနဲ့ မဟုတ်ပါဘူး။ ထောက်ပံ့ငွေနဲ့ ဖြစ်တဲ့အတွက် ပြန်ဆပ်စရာမလိုပါဘူး။ ၂၀၁၈ မှာ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ အရင်တံတားက မ,တင်လို့ရတဲ့ တံတားဖြစ်တယ်။ မလွတ်တဲ့ သင်္ဘောတွေ သွားလာရင် တနှစ်ကို ၄၊ ၅ ခါ မ,တင်ရပါတယ်။ အဲဒီအခါ တံတားခံနိုင်ရည် ကျဆင်းလာပါတယ်။ အလေးချိန်ကို မခံနိုင်လို့ တံတားသစ်ကို တည်ဆောက်တာလည်း ဖြစ်တယ်” ဟု တံတားဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောသည်။

လက်ရှိဆောက်လုပ်သည့် တံတားသစ်တွင် သင်္ဘောအမြင့် ၁၀ မီတာထက် ကျော်ပါက ဖြတ်သန်းခွင့် ပြုမည် မဟုတ် ကြောင်း၊ လေးလမ်းသွား ဖြစ်သောကြောင့် တံတားသစ် ပြီးစီး ပါက ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းစေပြီး သီလဝါ စက်မှုဇုန်မှ ကုန်ကားများ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေလာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းတံတားကို Tokyu Construction Co.Ltd၊ Toyo Construction Co.Ltd နှင့် IHI Construction Co.Ltd တို့က တည်ဆောက်နေပြီး ဂျပန်ယန်း သန်းပေါင်း ၃၃၆၀ ကုန်ကျမည်ဖြစ်သည်။

တံတားသစ် တည်ဆောက်နေသော ဂျပန်အင်ဂျင်နီယာတဦးက “မြန်မာရဲ့ တခြားတံတားတွေနဲ့ မတူတာက foundation ပိုင်းနဲ့ အပေါ်ပိုင်းမှာကျတော့ ကျနော်တို့ Extra dosed က မတူတာဖြစ်ပါတယ်။ ကုန်ကြမ်းက ဒီမှာတဲ့ ပစ္စည်းမျိုး ရတဲ့အတွက် နည်းနည်းလေး အခက်အခဲရှိတယ်” ဟု ပြောသည်။

လက်ရှိ သာကေတ တံတားအဟောင်းတွင် ၁၀ တန် ယာဉ်များသာ ဖြတ်သန်းနိုင်ပြီး တံတားသစ်မှာ ၄၅ တန် မှ တန် ၆၀ အထိ ဖြစ်သန်းနိုင်မည်ဖြစ်ကာ တံတားသစ်ပုံစံမှာလည်း မြန်မာနိုင်ငံတွင် ပထမဆုံး စတင်တည်ဆောက်သည့် ကြိုးတံတား အမျိုးအစားဖြစ်ပြီး နည်းပညာအသစ်၊ ပုံစံအသစ်ဖြင့် စတင်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading