ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive တွေ့ရှိသူ လူနာ ယနေ့ သြဂုတ် ၂ ရက်တွင် ၂၃ ဦးထပ်မံတိုးပြီး ထပ်မံသေဆုံးသူ ၁ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
သေဆုံးခဲ့သော လူနာ ၁ ဦးမှာ ဧရာဝတီတိုင်းဒေသကြီးမှ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီး ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း ယနေ့ မနက်ပိုင်း တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ပြင်းထန်အဆုတ်ရောင်နဲ့ ဆေးရုံတက်တဲ့ လူပေါင်းက ၂၈၄ ဦးရှိတယ်။ အဲဒီထဲမှာ H1N1 ပိုးတွေ့တဲ့သူက ၉၉ ဦး ရှိတယ်။ ပိုးတွေ့တဲ့ထဲမှာ သေဆုံးတဲ့သူက ၁၃ ဦးရှိပါတယ်။ Positive ၂၃ ယောက် ထပ်တိုးတာပေါ့” ဟု ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ပြောသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ ယခုလက်ရှိ အချိန်အထိ H1N1 တွေ့ရှိသူ ၉၉ ဦးသည် ချင်းပြည်နယ်မှ ၁ဝ ဦး၊ ရန်ကုန်တိုင်း မှ ၄ဝဦး၊ ပဲခူးတိုင်းမှ ၁၅ ဦး၊ ဧရာဝတီတိုင်းမှ ၁၇ ဦး ၊ မွန်ပြည်နယ်မှ ၃ ဦး၊ နေပြည်တော မှ ၅ ဦး၊ စစ်ကိုင်းတိုင်းမှ ၁ ဦး၊ တနသာင်္ရီတိုင်း မှ ၄ ဦး၊ မကွေးတိုင်းမှ ၁ ဦး၊ မန္တလေးတိုင်း မှ ၁ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ၂ ဦးဖြစ်ပြီး ပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ လူနာ ၂၈၄ ဦး ရှိသည်။
သေဆုံးခဲ့သော ၁၃ ဦးသည် ရန်ကုန်တိုင်း ဒေသကြီးမှ ၆ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၄ ဦး နှင့် မွန်ပြည်နယ် ဒေသကြီးမှ ၁ ဦး ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။