သတင်း

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဖေဇင်ထွန်း နုတ်ထွက်မှု မရှင်းလင်း

Want create site? Find Free WordPress Themes and plugins.

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်း ၎င်း၏ သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်သည်ဟု အစိုးရအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သော်လည်း မည့်သည့် အကြောင်း ကြောင့် နုတ်ထွက်သည် ဆိုသည်မှာ မရှင်းလင်းသေးပါ။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “သူ့ဆန္ဒအလျောက် ထွက်ချင်တယ်လို့ တင်ပြလာလို့ ထွက်ခွင့်ပြုလိုက်တာပါ”ဟု ပြောသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပါ။

ဧရာဝတီ၏ စုံစမ်းမှုအရ ဦးဖေဇင်ထွန်းသည် ၎င်းလက်အောက်ရှိ ဝန်ထမ်းတချို့က အစိုးရအဖွဲ့ထံသို့ စာရေး တိုင်ကြားလိုက်ခြင်း ဖြစ်ပြီး အဂတိ လိုက်စားခြင်းကြောင့် မဟုတ်ကြောင်း၊ ယခင်ကာလများက လူမှုရေးကိစ္စများကို အကြောင်းပြု၍ မလိုလားသူများက တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

“ဝန်ကြီး မဖြစ်ခင်က သူ့မှာ လူမှုရေး ကိစ္စလေးတွေ ရှိတယ်။ လူလတ်ပိုင်းတုန်းက အိမ်ထောင်ကွဲသွားပြီး အိမ်ထောင်ထပ်မပြုဘူး။ တရားဝင် မိန်းမ မရှိတော့ အဲဒါကို အကြောင်းပြုပြီး အခုလို ဖြစ်သွားရတာ။ ဝန်ကြီးက သဘောကောင်းတယ်။ အေးဆေး သမား ပါ”ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမည် မဖော်လိုသော အရာရှိတဦးက ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနကို ပူးတွဲ အဖြစ် အမြဲတာဝန်ယူပြီး လျှပ်စစ်ကဏ္ဍအတွက် လက်ရှိ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကို တာဝန်ယူစေ၍ စွမ်းအင် ကဏ္ဍတွင် ဒုဝန်ကြီးတဦး ထပ်မံ ခန့်အပ်မည်ဟု ကြားသိထားကြောင်း ယင်းအရာရှိက ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်တဦးကမူ“ဦးဖေဇင်ထွန်းက အပြင်မထွက်ဘူး။ မလေ့လာဘူး။ ရုံးထဲမှာပဲ ထိုင်နေတာ။ သူအပြင် မထွက်တော့ အလုပ်လုပ်တာလည်း မပေါ်ဘူး။ ပြီးတော့ စွမ်းအင်ဘက်က လူတွေကို မျက်နှာသာပေးတယ်။ အဲဒီဘက်မှာ ထိုင်တာများတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးဖေဇင်ထွန်းသည် ဇူလိုင်လ ၃၁ ရက်နေ့အထိ ခွင့်ယူထားသော်လည်း နောက်ပိုင်းအချိန်အထိ ရုံးလာမတက်တော့ကြောင်း၊ ၎င်း၏ ကျန်းမာရေးမှာလည်း အစာအိမ် အူလမ်းကြောင်းတွင် ရောဂါ ရှိကြောင်း၊ သွေးတိုး၊ ဆီးချို ရောဂါများလည်း အပါအဝင် ခြေ၊ လက် များ ဖူးယောင်နေသည်ကို တွေ့ဖူးကြောင်း ယင်းဒုညွှန်ချုပ်က ပြောသည်။

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးကြည်မိုးနိုင်က“ဝန်ကြီး(ဦးဖေဇင်ထွန်း)က ဆေးခွင့်နဲ့ ခဏ နားတယ်လို့ သိထားတာ။ အခုမှ တရားဝင် နုတ်ထွက်တာကို သိရတယ်။ သူမရှိတော့လည်း ရှိတဲ့လူနဲ့ ဆက်လုပ်ရမှာဖြစ်လို့ ပြောင်းလဲစရာတော့ သိပ်မရှိဘူး။ အရင်ကလည်း လျှပ်စစ်ကဏ္ဍတွေကို ဒုဝန်ကြီးကပဲ လာရှင်းတာ များပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading