သတင်း

UNFC တပ်ပေါင်းစု ၂၁ ပင်လုံ တတိယ အစည်းအဝေး တက်နိုင်ရေး အစိုးရကြိုးပမ်း

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုကို နောက်တကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး တက်ရောက်နိုင်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ်လ ၄ ရက်နေ့တွင် အလွတ်သဘောကြိုတင်ဆွေးနွေးမှုအဖြစ် အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ အကြား တွေ့ဆုံ ညှိနှိုင်းကြမည်ဖြစ်သည်ဟု သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ က “DPN အဖွဲ့တွေ နောက် ကျင်းပမယ့် ညီလာခံတွေမှာ ပါဝင်လာနိုင်ဖို့ ဆွေးနွေးမယ်။ သူတို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့။ မူဘောင် ရေးဆွဲတဲ့ ကိစ္စတွေမှာလည်း ပါဝင်လာနိုင်အောင် ညှိသွားဖို့ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် UNFC ဘက်မှ အဆိုပြုထားသော အချက် ၈ ချက်နှင့် NCA ကို သွားနိုင်ရေးအတွက် ကတိကဝတ် စာချုပ် (Deep of Commitment) ကိစ္စ တို့ကိုလည်း ဆွေးနွေးမည်ဖြစ်သည်ဟု ဆိုသည်။

ဦးလှမောင်ရွှေ ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့နှင့် နိုင်အောင်မငေး ဦးဆောင်သော DPN မှ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က အလွတ်သဘော တွေ့ဆုံကာ ဆွေးနွေးမှု ပြုလုပ်ခဲ့သေးသည်။

DPN မှ ကိုယ်စားလှယ် တစ်ဦးက “ကျနော်တို့ အဆိုပြုချက် ရှစ်ချက်ကိစ္စနဲ့ DoC ကိစ္စကို ဆွေးနွေးဖို့ရှိတယ်။ DoC ဆိုတဲ့ နေရာမှာ သူတို့နဲ့ ကျနော်တို့ နားလည်မှု နည်းနည်းလွဲနေတယ်။ ဒီတွေ့ဆုံမှုကနေ တရားဝင် ဘယ်တော့ တွေ့မလဲဆိုတာ သိနိုင် မယ်”ဟု ပြောသည်။

အစိုးရက ယခုနှစ် မေလတွင် နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို ကတိကဝတ် စာချုပ် (Deep of Commitment) ကိုလက်မှတ် ရေးထိုး၍ တက်ရောက်ရန် UNFC ကို ဖိတ်ကြားခဲ့သေးသော်လည်း ညှိနှိုင်းမှု အဆင်မပြေ၍ တက်ရောက်နိုင်ခြင်း မရှိခဲ့ပဲ ဖြစ်ခဲ့ရသည်။

DPN နှင့် အစိုးရ တို့ကြား ဆွေးနွေးထားသည့် အချက် ၉ ချက်ထဲတွင် JMC ၌ တပ်နေရာချထားရေး၊ တပ်စခန်းတည်နေရာ သတ်မှတ်သည့်ကိစ္စများ မတူကွဲပြားသည့်အဖွဲ့များကြားတွင် မည်ကဲ့သို့ ညှိနှိုင်းဆွေးနွေးမည် ဆိုသည်မှာလည်း အသား မကျ သေးဟု ဆိုသည်။

ထို့အတူ စောင့်ကြည့်လေ့လာရေး ကိစ္စတွင်လည်း DPN က နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အဆိုပြုထားသော သုံးပွင့်ဆိုင်ကိစ္စ စသည့် အချက်များသည်လည်း ကျေလည်မှု မရှိ သေးကြောင်းလည်း သိရသည်။

ထိုအဆိုပြုချက် ၈ ချက်ကို အစိုးရဘက်မှ သဘောတူညီပါက UNFC က NCA ကို လက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း ပြောထားပြီး NCA ကို သွားနိုင်ရေးအတွက် ကတိကဝတ် စာချုပ် (Deep of Commitment) ကိစ္စကိုလည်း ပြန်လည် ဆွေးနွေးရဦးမည်ဖြစ်သည်ဟုဆိုသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ ANC တို့ ပါဝင်ကြသည်။

Loading