မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်နှင့် ဂေဟစနစ် ဝန်ဆောင်မှုများမှ ဖြည့်ဆည်းပေးနိုင်မှုကိုလျော့နည်းသုံးစွဲသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်ကြောင်း Global Footprint Network ၏ ထုတ်ပြန်ချက်အရ သိရသည်။
Global Footprint Network သည် လူသားများ သဘာဝအရင်းအမြစ်များကိုအသုံးပြုမှုမှာကမ္ဘာကြီးက တနှစ်စာအတွက် ထောက်ပံ့ပေးနိုင်သည့် ပမာဏထက် ကျော်လွန်သွားသည့်နေ့ (Earth Overshoot Day)ကို အဓိက ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ဂေဟစနစ်အရင်းအမြစ်များအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍ တိုင်းတာမှုများ ပြုလုပ်နေသည့် နိုင်ငံတကာသုတေသန အဖွဲ့အစည်းတခုလည်းဖြစ်သည်။
Global Footprint Network ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ (WWF-မြန်မာ)ကလည်း ၂၀၁၇ခုနှစ် သြဂုတ် ၂ ရက်နေ့သည် လူသားများ သဘာဝအရင်းအမြစ်များကို အသုံးပြုမှုမှာ ကမ္ဘာကြီးက တနှစ်စာအတွက် ထောက်ပံ့ပေးနိုင်သည့်ပမာဏထက် ကျော်လွန်သွားသည့်နေ့ (Earth Overshoot Day) ဖြစ်ကြောင်းသတင်းထုတ်ပြန်သည်။
WWF – မြန်မာမှ အစိမ်းရောင်စီးပွားရေး အစီအစဉ် မန်နေဂျာဟန်နာဟယ်ဆင်ဂန်က “မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ကသစ် တောပြုန်းတီးမှု အများဆုံးနိုင်ငံတွေထဲက တခုဖြစ်ပြီး ဒီရေတောအများအပြားနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ် တွေအတွင်း ဆုံးရှုံးခဲ့ရတယ်။ တနည်းပြောရရင် မြန်မာနိုင်ငံရဲ့ သဘာဝဓနဥစ္စာ ဘဏ်စာရင်းဟာ စတင်လျော့နည်းလာနေ ပါပြီ။ ကျမတို့ကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ဆိုရင် သဘာဝတရားကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ သဘာဝဓနဥစ္စာကို ဂရုတစိုက် အသုံးပြုရမှာဖြစ်ပြီး အနာဂတ် မျိုးဆက်တွေ အတွက်လည်း လုံလုံ လောက်လောက် ကျန်ခဲ့အောင် စုဆောင်းပေးသွားရမှာ ဖြစ်ပါတယ်” ဟုပြောသည်။
WWF ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ သြဂုတ် ၂ ရက်သည် ကမ္ဘာကြီးကထောက်ပံ့ပေးသည့် တနှစ်စာပမာဏကို ၈ လ အတွင်း သုံးစွဲလိုက်သည့် စံချိန်တင် နှစ်တနှစ်ဖြစ်ပြီး သမိုင်းတလျှောက် အစောဆုံးကျရောက်သည့် ကမ္ဘာ့ ဖြည့်ဆည်း ပေးနိုင်မှုထက် သုံးစွဲမှု ကျော်လွန်သွားသည့်နေ့ရက်ဖြစ်ကာ မြန်မာပြည်သူများသိသင့်သောအကြောင်းအရာတခု ဖြစ်၍ သတင်းထုတ် ပြန်ရခြင်းဖြစ်ကြောင်း WWF – မြန်မာ၏ ဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးစောလင်းထက်က ဧရာဝတီ ကိုပြောသည်။
မြန်မာနိုင်ငံအတွင်းသဘာဝက ဖြည့်ဆည်းပေးနိုင်သည်ထက် သုံးစွဲမှု ကျော်လွန်မသွားစေရန် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုရေးနှင့် ရေထုညစ်ညမ်းစေမှုကိုလျှော့ချရေးအတွက် တိုက်တွန်းခြင်း၊ သစ်တောနှင့် သားငှက်တိရစ္ဆာန်များ ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးကြိုးပမ်းမှုတွင် အစိမ်းရောင် စီးပွားရေးစံနှုန်းများကို အခြေခံရန် နိုင်ငံတော်အစိုးရအား အကြံဉာဏ်ပေးခြင်းများကိုWWF – မြန်မာ က ဆောင်ရွက် နေကြောင်း ဦးစောလင်းထက်က ရှင်းပြသည်။
Global Footprint Network သည် Earth Overshoot Day ကို နှစ်စဉ် ထုတ်ပြန်လျက်ရှိပြီး နိုင်ငံတကာတွင် ယင်းနေ့နှင့် ပတ်သက်သည့် အခမ်းအနားမျိုး ပြုလုပ်ခြင်းမရှိသော်လည်း Website များနှင့် ဆိုရှယ်မီဒီယာများပေါ်မှတဆင့် ပြည်သူကိုအသိပညာပေးမှုများ ပြုလုပ်ကြောင်းသိရသည်။