NLD အစိုးရကို ဆန့်ကျင်ရှုတ်ချရေးအဖြစ် အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာတော်အချို့ ဦးဆောင်ကာ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် သြဂုတ် ၂ ရက်နေ့ ညနေပိုင်းကစတင်ကာ သပိတ်စခန်းနှစ်ခု ဖွင့်လှစ်လှုပ်ရှားမှုများအပေါ် စောင့်ကြည့်နေ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ပြောသည်။
အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာများနှင့် လူများက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီး ဝင်ပေါက်နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရာကြီး အနောက်ဘက်မုဒ်ရှိ သာသနာ ၂၅၀၀ ဗိမ္မာန်အတွင်းတို့တွင် သပိတ်မှောက်မှုများ ယမန်နေ့ ညနေပိုင်းက တပြိုင်နက် ပြုလုပ်နေကြခြင်းဖြစ်သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက “သက်ဆိုင်ရာ တိုင်းတာဝန်ရှိသူ တွေရဲ့ ဆောင်ရွက်မှုကို စောင့်ကြည့်ပြီးတော့ လိုအပ်လာရင် ဥပဒေအတိုင်းပဲ ဆက်လုပ်သွားမယ်”ဟု ဧရာဝတီကိုပြောသည်။
သာသနနယ်မြေပရဝဏ်အတွင်း သပိတ်စခန်းဖွင့်လှစ်မှုအပေါ် သက်ဆိုင်ရာတိုင်းသံဃနာယကအဖွဲ့များ အနေဖြင့် သြဝါဒပေး တားမြစ်ညှိနှိုင်းမှုများ ယမန်နေ့ကပြုလုပ်ခဲ့သော်လည်း သပိတ်စခန်း ၂ ခု မှာ ယနေ့ နေ့လည်ပိုင်းအထိ ဆက်လက်ရှိနေဆဲဖြစ်သည်။
ရန်ကုန်သပိတ်ကို ဦးဆောင်လှုပ်ရှားနေသည့် အမျိုးသားရေ လှုပ်ရှားသူ အမည်ခံ သံဃာတပါးက တိုင်းပြည် အကျိုး စီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေသည့် အစိုးရကို သပိတ်မှောက်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပြီး “အမျိုးဘာသာ သာသနာနိမ့်ချသည့် အစိုးရ အလိုမရှိ”၊ “စီမံခန့်ခွဲမှု မကျွမ်းကျင်သူများကို နေရာပေးသည့်အစိုးရ အလိုမရှိ” စသည့် စာသားများ ပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ သည်။
ရန်ကုန်နှင့် မန္တလေးတွင် သပိတ်စခန်းကို ဖွင့်လှစ်ထားသည့် ဦးဆောင်သူ အမျိုးသားရေးလှုပ်ရှားသူ အမည်ခံသူ သံဃာ အပါး ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ နီးပါး ပါဝင်ပြီး မည်သည့် အဖွဲ့ကို ကိုယ်စားပြုကြောင်း ပြောကြားခြင်း မရှိသေးပါ။
အဆိုပါ အဖွဲ့သည် သက်ဆိုင်ရာတာဝန်ရှိသူများထံ ကြိုတင်ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
မန္တလေးသပိတ်မှောက်ပွဲ ဦးဆောင်သံဃာတပါးက “ဦးပဉ္ဇင်းတို့က ဆန္ဒပြတာမဟုတ်ပါဘူး၊ သပိတ် မှောက်တာပါ၊ အဲဒီအတွက် ခွင့်ပြုချက်တင်မှာမဟုတ်ပါဘူး”ဟု ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ကို မိန့်ကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှုတ် ထွက်ပေးရေး ကို အမျိုးသားရေး ဝါဒီဆရာတော် ဦးဝီရသူကလည်း ဇူလိုင် ၁၅ ရက်နေ့ညပိုင်းက ၎င်း၏ ဖေ့စ်ဘုတ်တွင် ဗီဒီယိုဖိုင် တင်ထားသည်။
ထွန်းထွန်း နှင့် မြတ်ပြည့်ဖြိုး ပူးပေါင်းရေးသားသည်။