လက်ရှိ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေး ဇုန်တခုလုံး(A,B) ပြီးစီးပါက လူဦးရေ ၃ သောင်းမှ ၄ သောင်းအထိ အလုပ်အကိုင် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
MJTD Myanmar Japan Thilawa Development Ltd CEO မစ္စတာရန်နိုင်က “အဓိအားဖြင့် ပတ်ဝန်းကျင် လုံးဝမထိခိုက်တဲ့ လုပ်ငန်းတွေကို ရွေးချယ်ပါတယ်’’ ဟု ပြောသည်။
ယင်းအပြင် သန်လျင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများကိုလည်း စက်မှုဇုန်နှင့် ချိတ်ဆက်ပြီး ကျောင်းသား တချို့ အား အလုပ်အကိုင်ပေးထားသည်များရှိကာ နောက်ပိုင်းတွင်လည်း ထိထိ ရောက်ရောက် ဆက်သွယ် ဆောင်ရွက်သွားရန် ရှိကြောင်း၊ အခြားအာရှနိုင်ငံများတွင် အထူးစီးပွားရေးဇုန်ရှိပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမရှိသဖြင့် မလည်ပတ်နိုင်သည့် ဇုန်များရှိနေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်ချဲ့ရာတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း၊ ကုမ္ပဏီများအပေါ် မူတည် လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အခြားအာရှနိုင်ငံများတွင် လုပ်ကိုင်ခဲ့သည့် အထူးစီးပွားရေးဇုန်များနှင့် နိူင်းယှဉ်လျှင် သီလဝါ အထူးစီးပွားရေးဇုန်သည် ရင်းနှီးမြှုပ်နှံမှု ၃ ဆမှ ၄ဆအထိ ဝင်ရောက်လျက် ရှိသောကြောင့် အဆင်ပြေစွာ လုပ်ကိုင်လျက်ရှိကြောင်း JICA မှ တာဝန် ရှိသူတဦးက ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် A တွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၇၉ ခုနှင့် ဇုန် B တွင် ကုမ္ပဏီ ၅ မှ လာရောက် ရင်းနှီး မြှုပ်နှံထားပြီး ကုမ္ပဏီအများစုမှာ ဆောက်လုပ်ရေးပစ္စည်း တည်ဆောက်သော စက်ရုံများ၊ သံချည်သံကွေး ကုမ္ပဏီများ၊ မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ၊ လျှပ်စစ်ပစ္စည်း ကိရိယာများ ထုတ်လုပ်သည့် စက်ရုံများနှင့် လယ်ယာကဏ္ဍသုံး စက်ပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် မြေဧက ၂၄၀၀ဧကရှိပြီး ယင်းအနက် ဇုန် A ၏ မြေဧကမှာ ၄၀၀ ဖြစ်ပြီး လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံများ လာရောက်လုပ်ကိုင်နေကာ ဇုန် B ၏ ပထမအဆင့်ဖြစ်သည့် မြေဧက၂၅၀ ထဲမှ မြေဧက ၁၀၀ ရှိ အခြေခံအဆောက်အအုံများကို ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပြီး ဇုန် B တည်ဆောက်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ခဲ့ကာ ဇုန်တခုလုံးကို ၂၀၁၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန် တခုလုံးသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။