သတင်း

ပင်စင်လစာ မတိုးပေးနိုင်သေးဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

အရပ်ဘက် စစ်ဘက် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေ အပေါ် မူတည်၍ အစိုးရအဖွဲ့က သုံးသပ်ဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။

“ပင်စင်ကိစ္စအားလုံးကို နိုင်ငံတော်ကပဲ အလုံးစုံ တာဝန်ယူနေရတာကြောင့် နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေ ခိုင်မာ တောင့်တင်းလာမှသာ ဆောင်ရွက်နိုင်မယ့်ကိစ္စ ဖြစ်တယ်လို့ သုံးသပ် တင်ပြလိုပါတယ်” ဟု ၎င်းက ပြောသည်။

အစိုးရအနေဖြင့် လစာစရိတ်အပေါ်တွင် ကျပ် ၇၄၅ ဒသမ ၇၄၇ ဘီလီယံခန့်၊ ပင်စင်နှင့် ဆုကြေးပေါ်တွင် ကျပ် ၁၇၀ ဘီလီယံခန့် တိုးမြှင့်သုံးစွဲခဲ့ပြီး နောက်ဆုံး ဝန်ထမ်းလစာ တိုးမြှင့်ခဲ့သည့် ၂၀၁၅၊ ဧပြီလနှုန်းအတိုင်း ပင်စင်လစာကို တိုးမြှင့် မည်ဆိုပါက ကျပ် ၂၃၁ ဘီလီယံ တိုးမြှင့်သုံးစွဲရမည်ဖြစ်၍ ထိုစဉ်က နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေအရ ပင်စင်လစာကို တိုးမြှင့်ပေးနိုင်ခြင်း မရှိကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီးက ပြောသည်။

တပ်မတော်သားများ အပါအဝင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ခွင့် ပြုခဲ့သော ဝန်ထမ်း လစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးပေးနိုင်ရန်၊ တလုံးတည်း ပင်စင်လဲလှယ်ခြင်းများကို တိုးမြှင့်ပေးနိုင်ရန်နှင့် လစဉ် ကျခံသုံးစွဲလျက်ရှိသည့် လစာစရိတ် ၊ ပင်စင်စရိတ်များ အခြေအနေ၊ ငွေကြေး ဖောင်းပွမှု အခြေအနေတို့အပေါ် မူတည်၍ ဆောင်ရွက်မည်ဟု သိရသည်။

မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးက “လက်ရှိ ဝန်ထမ်းတွေကိုပဲ လစာတွေ တိုးပေးပြီး အငြိမ်းစား ဝန်ထမ်းတွေကို လစာတိုးမပေးဘူးဆိုရင် လက်ရှိ ဝန်ထမ်းတွေကလည်း တချိန်ချိန်မှာ အငြိမ်းစား ဝန်ထမ်း ဖြစ်ကြမှာပဲ။ နိုင်ငံတော်ကတော့ကွာ ငါတို့ကို ခိုင်းလို့ရတုန်းပဲ လစာတိုးပေးမယ်။ ခိုင်းလို့မရတော့ ပင်စင် ယူ သွားရင် တိုးမပေးတော့ဘူးဆိုတဲ့ သဘောမျိုး ထင်သွားမယ်”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။

၎င်းသည် ယမန်နေ့က ကျင်းပသည့် လွှတ်တော်တွင် အရပ်ဘက်နှင့် စစ်ဘက် အငြိမ်းစားများအတွက် အငြိမ်းစား ပင်စင်လစာကို ၂၀၀၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် နောက်ဆုံး တိုးမြှင့်ခွင့် ပြုခဲ့သော ဝန်ထမ်းလစာနှုန်းထားဖြင့် ပြင်ဆင် တွက်ချက်၍ တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တလုံးတည်း ပင်စင်လဲလှယ်ခြင်းများကိုလည်း တိုးမြှင့်ခံစားခွင့် ပြုနိုင်ခြင်း ရှိ၊ မရှိတို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အငြိမ်းစား ရဲမှူးကြီး ဦးဇော်ဝင်းအောင်ကမူ ပင်စင်လစာ တိုးမြှင့်ပေးခြင်းသည် လိုအပ်သော်လည်း ယင်းထက် အရေးကြီး သည်မှာ ဝန်ထမ်းများ ပင်စင်ယူချိန်တွင် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရန် အိမ်ရာများ စီစဉ်ပေးသင့်ကြောင်း၊ ပင်စင်လစာ ကို လည်း အငြိမ်းစားဝန်ထမ်းနှင့် ၎င်းနှင့် အတူ နေထိုင်မည့် ဇနီး (သို့မဟုတ်) ခင်ပွန်းအတွက်ပါ လောက်ငအောင် စီစဉ်ပေး သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်က လုပ်သက် ၃၈ နှစ်မှာ အငြိမ်းစာယူတော့ အခုပင်စင်က တလကို ၂ သိန်းရတယ်။ ဂရယ်ဂျူတီဆုကြေးက သိန်း ၇၀ လောက် ရခဲ့တော့ အဲဒီငွေကို လုပ်ဖော်ကိုင်ဖက်တဦးဆီမှာ ရှယ်ယာထည့်လိုက်တာ ၁ လ ၂ သိန်း ပြန်ရတယ်။ စုစု ပေါင်း ၄ သိန်းပေါ့။ ရဲမင်းကြီး လုပ်တုန်းကလည်း လစာက ၄ သိန်းဆိုတော့ အတူတူပဲ။ အဲဒီလို ဖြစ်အောင် ကြိုတင်ပြီး စဉ်းစားခဲ့ရတာ။ မဟုတ်ရင်တော့ ပင်စင်တခုတည်းနဲ့ မလောက်ငနိုင်ဘူး။ ပင်စင်စားတိုင်းမှာ အခက်အခဲ ရှိနိုင်ပါတယ်”ဟု ဦးဇော်ဝင်းအောင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading