သတင်း

မန်တုံမြို့နယ်အတွင်း လက်နက်ကြီး ကျည်များ ကျရောက်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်း ၁၁ နာရီမှ မွန်းလွဲ ၃ နာရီ ထိ လက်နက်ကြီးကျည် တချို့ကျပြီး ပစ်ခတ်သံများ ကြားနေရသဖြင့် ဒေသခံများ ထိတ်လန့် နေကြသည်ဟု သတင်း ရရှိ သည်။

ပလောင်(တအာင်း) အမျိုးသား ပါတီ ဥက္ကဌ ဦးအိုက်မုန်းက “ကျနော်တို့ ပါတီရုံး နောက်ဘက်မှာ လက်နက်ကြီး တလုံး ကျ တာ နည်းနည်းပဲလိုတယ်၊ ရုံးကို ထိဖို့။ ကျန်တဲ့ထိခိုက်မှု မဖြစ်ပေမယ့် ဝန်းထဲမှာ ရပ်ထားတဲ့ ကားကိုထိပြီး မှန်ကွဲ သွား တယ်။ ပစ်နေတာ မနက် ၁၁ နာရီ ကနေ ၃နာရီမှ ငြိမ်သွားတယ်။ ဒီမှာ လူတွေက ကျီးလန့်စာစား ဖြစ်နေတယ်” ဟု ဧရာဝတီ ကို ပြောပြသည်။

မန်တုံမြို့နယ် အတွင်း ယခင်က မြို့တွင်းသို့ လက်နက်ကြီး ကျခြင်းမျိုး မရှိကြောင်း၊ ယခုအခါ မြို့ပတ်လည်တွင် တပ်မတော်၊ တပ်ဖွဲ့ဝင်များက တဖက် လက်နက်ကိုင်အဖွဲ့ကို ခြိမ်းခြောက်သည့် အနေဖြင့် လှည့်ပတ် ပစ်ခတ်နေသဖြင့် မြို့အတွင်း လက်နက်ကြီးကျည်များ ကျခြင်းဖြစ်နိုင်ကြောင်းလည်း ဦးအိုက်မုန်းက ပြောသည်။

ဦးအိုက်မုန်းက “မြို့အခြေအနေက တော်တော်ရှုပ်နေတယ်။ ပစ်ခတ်တဲ့နေရာ ဘယ်သူမှ မသွားရဲလို့ ဘယ်တွေ ထိကုန်လဲ ကျနော် မသိဘူး။ လက်ဖက်ခူးတဲ့ တောင်သူတွေလည်း ဒီနေ့ မသွားရဲဘူး။ တောမှာရော တောင်ယာမှာရော သူတို့ လျှောက် ပစ်နေမှာ ထိမှာ ကြောက်ကြလို့ အလုပ်သွားမလုပ်ကြဘူး၊ တပ်တွေကတော့ ရှေ့နောက် တောင်မြောက် လုံခြုံရေး အတွက်ဆိုပြီး ပစ်နေတယ်” ဟု ဆက်လက် ပြောဆိုသည်။

မန်တုံမြို့နယ်အတွင်း နေထိုင်သူများကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပစ်ခတ်သံများ ကြားနေရသဖြင့် ထိတ်လန့်နေ ကြောင်း၊ တိုက်ပွဲများ ဖြစ် မဖြစ်ကိုမူ အပြင်မထွက်သဖြင့် မသိရှိကြောင်း ပြောဆိုကြသည်။

မန်တုံမြို့နယ်အတွင်း နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတဦးက “၃နာရီကျော်နောက်ပိုင်း ပစ်သံ ငြိမ် သွား တယ် အခုထိတော့ ပြန်မကြားရသေးဘူး။ ပစ်နေတုန်းကဆို အိမ်ထဲကို ကျမှာတောင် စိုးရိမ်တယ်။ ကျနော်တို့က ငြိမ်းငြိမ်း ချမ်းချမ်းပဲ နေချင်ပါတယ်။ ပစ်သံခတ်သံတွေကြားရရင် စားဖို့ အိပ်ဖို့ မပြောနဲ့ အိမ်မှာ နေဖို့တောင် ထိတ်လန့်တဲ့ စိတ်နဲ့ လေ” ဟု ပြောသည်။

ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့အစည်း (TWO)၊ အလုပ်အမှုဆောင် ဒေါ်လွေးပိုးက မန်းခေးက ယနေ့နံနက် ၈နာရီ ဝန်းကျင် မှစ၍ တပ်မတော်၊ စစ်ကြောင်းများ မန်တုံမြို့နယ်အတွင်း သွားလာနေသည်ကို မြင်တွေ့ကြောင်း၊ ၁၀ နာရီ ဝန်း ကျင် ၌ မန်တုံမြို့နှင့် ၃မိုင် ကွာဝေးသည့် နေရာတွင် ပစ်ခတ်မှုများ စတင်ကြားရပြီး နာရီဝက်ခန့် အကြာတွင် ရပ်တန့် သွားကြောင်း ပြောပြသည်။

“နာရီဝက်ပြီးတာနဲ့ တိုက်ပွဲငြိမ်သွားပေမယ့် လက်နက်ကြီး တရစပ်ပစ်တာရှိတယ်။ ကျမတို့ TWO က သိရတာ ပလောင် (တအာင်း) ပါတီရုံး နောက်ကျတာရယ်၊ နောက်မြို့အပြင်တွေမှာ ကျတယ်။ စုစုပေါင်း လက်နက်ကြီး ၁၀လုံး ဝန်းကျင် ကျ ထားပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ ကလေးတွေကတော့ ကျောင်းတက်နေရင်း ပြန်ပြေးရတာရှိတယ်။ ဈေးသည် တွေ ဆိုင်တွေ ချက်ချင်း ပိတ်လိုက်ကြတယ်” ဟု ဒေါ်လွေးပိုးကမန်းခေး က ပြောသည်။

နမ္မတူ – မန်တုံ ကားလမ်းမကို လက်ရှိတွင် သွားလာခွင့် ပိတ်ထားသိသည်ဟုလည်း ဒေါ်လွေးပိုးကမန်းခေး က ဆိုသည်။

ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “မန်တုံရဲ့အရှေ့ဘက် နမ္မတူ-မန်တုံ ကားလမ်းမပေါ်မှာ နေ့လယ် ၁၁နာရီ ၁၅ လောက်ကနေ ၄၅ လောက်ထိ ကျနော်တို့နဲ့ မြန်မာ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပါတယ်။ နာရီဝက်လောက် ဖြစ်ပြီး နှစ်ဖက်တော်တော်လေး တင်းမာနေပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက မန်တုံမြို့ထဲတွင် လက်နက်ကြီးများ ကျသည်ကို မသိရှိကြောင်း၊ မန်တုံမြို့အတွင်း တပ်မတော် တပ် စခန်းများရှိသဖြင့် TNLA တပ်ဖွဲ့ဝင်များ မသွားလာကြောင်း၊ TNLA တပ်ဖွဲ့များမှာ မန်တုံမြို့ နှင့် ၃မိုင် ဝေးသည့် နေရာတွင် သာ ရှိသည်ဟုလည်း ပြောဆိုသည်။

တပ်မတော်မှ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့အတွင်း စစ်အင်အားများ တိုးချဲ့နေသည်ကို TNLA မှ သတင်းရရှိ ထား ကြောင်း၊ ထို့ကြောင့် နှစ်ဖက် စစ်ရေး အခြေအနေများ တင်းမာနေကြောင်း ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။

TNLA သည် အစိုးရဆောင်ရွက်နေဆဲ ဖြစ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှုစာချုပ် (NCA) ကို ငြင်းဆိုထားပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ပါဝင်ကာ အစိုးရနှင့် အပစ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးရန် တောင်းဆိုနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည်။

တပ်မတော်ကမူ TNLA ကို အကြမ်းဖက် သောင်းကျန်းသူဟု သတ်မှတ်ထားပြီး ငြိမ်းချမ်းရေး မလုပ်ဆောင် နိုင်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုပါက လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading