သတင်း

ညှိနှိုင်းမှု ကျန်၂ ချက် ပြေလည်ပါက NCA ရေးထိုးမည်ဟု UNFC ပြော

Want create site? Find Free WordPress Themes and plugins.

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အဆိုပြုချက် ၈ ချက်ကို အစိုးရထံ တင်ပြ ဆွေးနွေးလျက်ရှိရာ အချက် ၂ ချက်သာ ညှိနှိုင်းရန် ကျန်ရှိတော့၍ ထို ၂ချက် ညှိနှိုင်းပြီးပါက NCA လက်မှတ် ရေးထိုး လာမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ၂ ချက်ကို လာမည့် သြဂုတ် ၁၀ ရက် သို့မဟုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC ၏ အလုပ်အဖွဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “၂ ချက်ပဲ ညှိနှိုင်းစရာ ကျန်တော့တယ်။ အဲဒီ ၂ ချက် သဘောတူညီမှု ရပြီဆိုရင် တလ၊ နှစ်လအတွင်း UNFC လက်မှတ် ထိုးလာဖို့ ရှိပါတယ်။ ဒီအချက် ၂ ချက်ကလည်း အဆင်ပြေဖို့ တော်တော်များများ ရှိပါတယ်။ ကျနော်တို့ ၄ ရက်နေ့က တွေ့ဆုံမှုမှာ ဒီအချက် ၂ ချက် အပေါ် ပွင့်ပွင့် လင်းလင်း ရှင်းပြခဲ့တာကို သူတို့လည်း နားလည် သဘောပေါက်ပါတယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာပေးရန် အပါအဝင် အဆိုပြုချက် ၈ ချက်ကို သဘောတူညီပါက UNFC က NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်) လက်မှတ် ရေးထိုးမည်ဟု ပြောထားသည်။

DPN ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက “အခု ကျန်နေတာက JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ) မှာ နိုင်ငံတကာ အဖွဲ့တွေ ထည့်ပေးဖို့ တင်ပြထားတယ်။ တခုက တပ်ပိုင်းဆိုင်ရာ ကိစ္စ လေးပေါ့။ ဒီနှစ်ချက် သဘောတူညီမှုရရင် ကျနော်တို့ NCA ထိုးတော့မယ် ”ဟု ပြောသည်။

ထို့ပြင် ဆွေးနွေးမှုများ အဆင်ပြေနေသော်လည်း မြေပြင်ထိတွေ့မှုများနှင့် ဖမ်းဆီးမှုများက အဟန့်အတား ဖြစ်လာမည်ကို စိုးရိမ်မိ၍ ယင်းကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။

NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် RCSS၊ KNU၊ DKBA၊ KNU/KNLA-PC၊ CNF၊ PNLO၊ ABSDF၊ ALP စသည့် လက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးထားရာ ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာ ၁၅ ရက်ဆိုလျှင် ၂ နှစ်ပြည့် နှစ် ပတ်လည်နေ့ ကျရောက်မည်ဖြစ်၍ ထိုနေ့၌ UNFC အဖွဲ့ဝင်များ NCA လက်မှတ် ရေးထိုးလာနိုင်ကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။

ကျန်ရှိနေသေးသည့် အချက် ၂ ချက်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဖက် လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC)၊ စောင့်ကြည့်ရေး လုပ်ငန်း လမ်း ညွှန် (TOR) နှင့် တပ်နေရာ ပြန်လည်ချထားရေးတို့ကို ကြိုတင် သဘောတူညီမှု ရယူရန် ပါဝင်သည်။

ဒုတိယအချက်မှာ အစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် အများယုံကြည် လေးစားသောပုဂ္ဂိုလ်များ ပါဝင်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတရပ်ကို နှစ်ဖက်သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန်တို့ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading