ယနေ့ ပြုလုပ်သည့် အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား၌ မွန်ပြည်သစ် ပါတီ ဌာနချုပ် နေရာမှ အပ ကျန်နေရာ များ၌ စစ်ဝတ်စုံဖြင့် ဝတ်ဆင်၍ လက်နက် ကိုင်ဆောင်ကာ စစ်ရေး ပြခြင်း မပြုရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ညွှန်ကြားထားသည်ဟု သြဂုတ်လ ၅ ရက်နေ့၌ ရေးမြို့ စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် ၁၉ မှ တာဝန်ရှိသူ များက ခေါ်ယူ ပြောကြား ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ရေးမြို့ ဆက်ဆံရေး ရုံးအုပ် နိုင်ပင်းက ပြောသည်။
“ဗဟိုဌာနချုပ် ကလွဲပြီးတော့ ကျန်တဲ့ နေရာတွေတိုင်းရဲ့ တော်လှန်ရေးနေ့ အခမ်းအနားတွေမှာ စစ်ဝတ်စုံနဲ့ လက်နက် ကိုင်ဆောင်ပြီး စစ်ရေးပြတာ မလုပ်ဖို့ မနေ့က တာဝန်ရှိသူတွေ ခေါ်ပြောခဲ့တာ ကျနော်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်” ဟု နိုင်ပင်းက သြဂုတ်လ ၆ ရက်နေ့တွင် အတည်ပြု ပြောသည်။
ဤကဲ့သို့ ဖိအားပေးခြင်း မှာလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် (NCA) အား လက်မှတ် မရေးထိုး ရသေးသည့် မွန်ပြည်သစ် ပါတီ အပေါ် NLD အစိုးရ သစ်မှ ဖိအားပေးခြင်း တစ်မျိုး တစ်ဖုံ ဖြစ်နိုင်ကြောင်း နိုင်ပင်းက ၎င်း၏ အမြင်ကို သုံးသပ် ပြောကြား ခဲ့သည်။
ယခုနှစ်၏ နှစ် ၇၀ ပြည့် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် မွန်ပြည်သစ်ပါတီ လက်အောက်ခံ ဒေသများ ဖြစ်သည့် ထားဝယ်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင် ခရိုင်နှင့် ဗဟိုဝန်းကျင်ဒေသ (ဘုရားသုံးဆူ) တို့၌ စစ်ရေးပြ အခမ်းအနားများ မပြုလုပ်ရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ညွှန်ကြား ခဲ့ခြင်းလည်း ဖြစ်သည်။
မွန်တော်လှန်ရေးနေ့အား ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ဘားအံမြို့၊ဇာသပြင် ကျေးရွာ ကာကွယ်ရေး တပ်၏ လက်နက်များကို သိမ်းဆည်း၍ မွန်တော်လှန်ရေး စတင် ပေါ်ပေါက် စေရန် ကြိုးပမ်းသည့် နေ့အား အစွဲပြု၍ မှတ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ် ပါတီ အပြင် မွန်ပြည်သူများက နှစ်စဉ် ကျင်းပလျက် ရှိရာ ပြည်သူများမှ မွန်နိုင်ငံရေး အတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ခေါင်းဆောင် ကြီးများ၏ ကျေးရွာ အသီးသီးရှိ အုတ်ဂူအား သွားရောက် ဂါဝရ ပြုရန်နှင့် နောက်ဆုံးတွင် မုဒုံမြို့ ဝင်းစိန် တောရရှိ မွန်အာဇာနည် ဗိမာန်၌ စုရုံး၍ ဟောပြောပွဲ ပြုလုပ်ရန် စီစဉ် ထားကြောင်း မွန်ပြည်သူများ၏ နှစ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပရေး ကော်မီတီမှ မီဒီယာ ပြောရေး ဆိုခွင့်ရှိသူ မိစန္ဒာနွန်က ပြောသည်။
“မနက်ပိုင်းမှာ သံဖြူဇရပ် မြို့နယ် ပငရွာမှာ နိုင်အောင်ထွန်း အုတ်ဂူကို အလေးပြုမယ်။ ပြီးရင် မုဒုံ မြို့နယ် ထဲက နှီးပဒေါ ရွာမှာ နိုင်နလ္လာ အုတ်ဂူ၊ ကလော့သော့ ရွာမှာ နိုင်ရော့စ အုတ်ဂူ ၊ လက်တက် ကျေးရွာမှာ နိုင်ထင် အုတ်ဂူ အသီးသီးကို ဂါရဝ ပြုပြီးတော့ ဝင်းစိန်တောရကျောင်း အာဇာနည် ဗိမာန်မှာ ၁ နာရီ ကြရင် ဆုံဖို့ စီစဉ် ထားတာ” ဟု မိစန္ဒာနွန်က ပြောသည်။
ဆက်လက်၍ မိစန္ဒာနွန်က ယခင် အစိုးရဟောင်းလက်ထက်၌ မွန်အမျိုးသားနေ့နှင့် မွန်တော်လှန်ရေးနေ့ အခမ်းအနား များအား စစ်ဝတ်စုံနှင့် လက်နက် ကိုင်ဆောင်၍ စစ်ရေးပြခြင်းကို ခွင့်ပြု နေခဲ့ရာမှ ယခု အစိုးရသစ် လက်ထက်၌ ခွင့်မပြု ပေးခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျရောက် ခဲ့သည့် မွန်အမျိုးသားနေ့ တွင်လည်း မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားနေ့ အခမ်းအနားအား စစ်ဝတ်စုံနှင့် စစ်ရေးပြခြင်း လက်နက် ကိုင်ဆောင်၍ စစ်ရေး ပြခြင်း မပြုရန် ဖိအားပေး ခံခဲ့ရပြီးနောက်တွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်အကြား ဘုရားသုံးဆူ ဒေသ၌ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေး ရုံးအားလည်း သက်ဆိုင်ရာ များမှ ဝင်ရောက်၍ ရှာဖွေ စစ်ဆေး ခဲ့ကာ ဆက်သွယ်ရေးစက် တလုံးအား သိမ်းဆည်း သွားကြောင်း ပါတီဆက်ဆံရေးရုံး မှ သိရသည်။