သတင်း

ကုလ ဖွံ့ဖြိုးရေးအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂဖွံ့ဖြိုးရေးအုပ်စု၏ ဥက္ကဋ္ဌ လည်းဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ မစ္စတာ အာချင် စတိန်နာ (Achim Steiner) ၏ တရားဝင် မြန်မာနိုင်ငံခရီးစဉ်ကို သြဂုတ်လ ၇ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။

မစ္စတာ အာချင် စတိန်နာ သည် ၎င်း၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော အစိုးရဝန်ကြီးများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် “စတိန်နာအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးစနစ်နှင့် UNDP ၏ လုပ်ငန်းများ မည်သို့ဆောင်ရွက်နေသည်ကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာမည်ဖြစ်ပြီး၊ အဆိုပါအခြေအနေများတွင် ၂၀၃၀ အစီအစဉ်အား မည်သို့ ဆီလျော်မှုရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ကို ဖော်ထုတ်သွားမည် ဖြစ်သည်” ဟု ဖော်ပြထားသည်။

UNDP သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများစွာတို့တွင် အဓိကကျသည့်ဖွံ့ဖြိုးမှု မိတ်ဖက်အဖြစ် ဆောင်ရွက်နေသည့် အဖွဲ့အစည်း တခု ဖြစ်ပြီး မစ္စတာ အာချင် စတိန်နာ ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံ၌ ရင်ဆိုင်ကြုံတွေ့နေရသော ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှု များနှင့် အဆိုပါ စိန်ခေါ်မှုများကိုကျော်လွှားရာတွင် ကုလသမဂ္ဂအနေဖြင့် မည်ကဲ့သို့ ကူညီပံ့ပိုးမှုပေးနိုင် သည်ဆိုသည်ကို နားထောင် လေ့လာနိုင်မည့် အခွင့်အရေးတခု ဖြစ်သည်ဟုဆိုသည်။

UNDP အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လထဲတွင် စတင်တာဝန်ယူခဲ့သည့် မစ္စတာ အာချင် စတိန်နာ အတွက် ယခု ခရီးစဉ်သည် ဖွံ့ဖြိုးမှုအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသော နိုင်ငံတခုအနေဖြင့် ပထမဆုံး ခရီးစဉ် ဖြစ်ပြီး ၎င်းနှင့်အတူ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် UNDP ဌာနေကိုယ်စားလှယ် ရီနားတားလော့ခ် ဒက်ဆယ်လီယမ် လည်း အတူလိုက်ပါလာကြောင်းသိရသည်။

မစ္စတာ အာချင် စတိန်နာ ၎င်း၏ ခရီးစဉ်ပထမနေ့၌ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တခု တည်ဆောက်ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs) ၏ အခန်း ကဏ္ဍနှင့် စပ်လျဉ်း၍ ရန်ကုန်တက္ကသိုလ်၌ ကျောင်းသူ၊ ကျောင်းသားများအား မိန့်ခွန်းပြောကြားမည်ဟုသိရသည်။

မြန်မာနိုင်ငံ အစိုးရနှင့် ကုသလမဂ္ဂ အေဂျင်စီအောက်တွင် UNDP နှင့် ပူးပေါင်းဆောင်ရွက်မှု အများဆုံးဖြစ်ပြီး ထိုအထဲတွင် လွှတ်တော် စွမ်းရည်မြှင့်တင်ရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကိုလက်တွဲ လုပ်ဆောင်နေလျှက်ရှိပြီး ယခုခရီးစဉ်တွင် UNDP နှင့် အစိုးရတို့ အကြား ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ပိုမို အားကောင်းအောင်လုပ်ဆောင်မည့် နည်းလမ်းတွေကို အဓိကထား ဆွေးနွေးသွားလိမ့်မည်ဟု လူ့အခွင့်အရေး လုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည့် ညီမျှခြင်းမြန်မာ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောသည်။

ဦးအောင်မျိုးမင်း က “သူတို့အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပိုမိုအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အကြောင်း အရာကို မဖြစ်မနေ ဆွေးနွေးကြမှာပါ။ ပြီးရင် ဒီဖွံ့ဖြိုးရေးစီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်နေရာတွေမှာ လိုအပ်နေလဲ။ မြန်မာအစိုးရအနေနဲ့ ဘယ်နေရာတွေကို ပိုပြီးမျှော်မှန်းသလဲဆိုတဲ့ အချက်ကို ဆွေးနွေးလာမယ် ဆိုရင်တော့ တခြားအေဂျင်စီ တွေနဲ့ အဆင်မပြေတဲ့ ပြဿနာတွေ ရှိပေမယ့် ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်တဲ့ UNDP နဲ့တော့ ပိုပြီး ဖွံ့ဖြိုး တိုးတက်မှုကို ချမှတ်နိုင်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

UNDP အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီးသားဖြစ်သဖြင့် မြန်မာနိုင်ငံတွင် အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများသည် ထိရောက်သည့် ဆောင်ရွက်မှုများ၊ ဖွံ့ဖြိုးမှုများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် UNDP ၏ ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများသည် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိကြောင်း အထူးသဖြင့် အစိုးရနှင့် လက်တွဲဆောင်ရွက်ချက်များသည် ရှိနေသော်လည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်မှုများတွင် အားနည်းနေသေးသဖြင့် မစ္စတာ အာချင် စတိန်နာ ခရီးစဉ်တွင် ပြည်သူများ၏ အသံကို အနည်းကပ် သိရှိနိုင်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန် လိုအပ်သည်ဟု ဆိုသည်။

“အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ ဒီထက်မက ရှိသင့်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အချိန်မှာ အစိုးရရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံတင် မကဘဲနဲ့ ဒီလိုမျိုးလုပ်ငန်းတွေအားနည်းချက်တွေ ပိုမိုသိရှိနိုင်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ မဖြစ်မနေတွေ့သင့်ပါတယ်။ ဒီလိုမျိုးဌာနတခုရဲ့ အကြီးအကဲတယောက် လာတဲ့ နေရာမှာ အစိုးရနဲ့ပဲ တွေ့ပြီးတော့ စီမံချက်တွေချမယ့်အစား ပြည်သူတွေကရော ဘယ်လိုမျိုး အကြံပြုချင်လဲ။ ဘယ်လိုမျိုး အားနည်း ချက်တွေ ထောက်ပြချင်လဲဆိုတာ သူ့အနေနဲ့ တွေ့ရှိမယ်ဆိုရင် ပိုမိုအကျိုးရှိတဲ့အရာဖြစ်ပါလိမ့်မယ်” ဟု ဦးအောင်မျိုးမင်း ကဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading