မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာသို့ တပတ်အတွင်း စိုက်ပျိုးရေ ရောက်ရှိအောင် မပို့ပေး နိုင်ပါက ၎င်းကိုယ်တိုင် ထမ်းပို့ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သြဂုတ်လ ၇ ရက်နေ့တွင် ယင်းကျေးရွာ၌ ပြောကြားခဲ့သည်။
သြဂုတ်လ ၇ ရက်နေ့က ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ကျေးလက်နေပြည်သူများ စကားဝိုင်းပြုလုပ်ကြရာ ရွာအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် လူငယ် လူရွယ်များက ၎င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ကြသည်။
ကျေးရွာ၏ လိုအပ်ချက်ဖြစ်သည့် သောက်သုံးရေ ရှားပါးမှုနှင့် စိုက်ပျိုးရေ မရရှိမှုတို့ကို ကျေးရွာနေ ပြည်သူများ တင်ပြ ကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ချက်ချင်း ဖြေရှင်းပေး ရန် ညွှန်ကြားခဲ့ပြီး ဝန်ကြီးချုပ်သည် ပြည်သူကခိုင်းရန် တာဝန်ပေးထားခြင်း ဖြစ်သဖြင့် ခိုင်း၍ရကြောင်း ပြောကြားခဲ့ သည်။
ဒေါက်တာ ဇော်မြင့်မောင်က “အမေက သောက်သုံးရေရော စိုက်ပျိုးရေရော လိုချင်တာလား။ စိုက်ပျိုးရေ အရင်လိုတာ ပေါ့။ ကျနော် မြစ်သားကနေ ပို့ပေးမယ်။ ရအောင် လုပ်ပေးမယ်။ တပတ်အတွင်း ရအောင် လုပ်ပေးမယ်။ မရရင် ကျနော့် တာဝန်။ ကျနော်ကိုယ်တိုင် ထမ်းပို့ပေးမယ်”ဟု ပြန်လည် ကတိပေး ပြောကြားခဲ့သည်။
ကျေးရွာလူထုက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်နှင့် သက်ဆိုင်သည့် မေးခွန်းများ မေးတိုင်း လူထုထံ ရှင်းပြပေးရန် ဒေါက်တာ ဇော်မြင့်မောင်အား တာဝန်ပေးနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရှင်းပြရန် ကြိုးစားခဲ့သည်ကို တွေ့ရသည်။
စိုက်ပျိုးရေ လိုအပ်သည့် ရွာသားတဦးကလည်း ၎င်းတို့ရွာတွင် ရေလှောင်နိုင်သည့် ကန်ကြီးများ မရှိဘဲ ဧက ၂၀၊ ၃၀ ခန့်အတွက် သာ ရေပေးနိုင်သည့် ကန်လေးများသာ ရှိသောကြောင့် ပြုပြင်မည်ဆိုပါကလည်း စက်နှင့်တူးရမည် ဖြစ် ကြောင်း၊ စိုက်ပျိုးရေ လိုအပ်နေ၍ မြစ်ရေတင် စီမံကိန်းမှ ရေရရှိအာင် ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုခဲ့ပြန် သည်။
ဒေါက်တာဇော်မြင့်မောင်က “အဆင်သင့် ဖြစ်ပါပြီ။ ရေရပါတယ်။ နွေစပါးစိုက်ဖို့ ရေလွှတ်ပေးဖို့ ဝန်ကြီးချုပ်ဆီ ခဏ ခဏ လာလာ တင်ပြပါတယ်။ ကျနော်တို့က ရေကနည်းတဲ့အခါကျတော့ နွေစပါး မစိုက်ပါနဲ့ ပြောလည်း မရပါဘူး၊ ဝမ်းတွင်းက အတော်ခေါင်းမာပါတယ်။ လွှတ်ပေးရတာပါပဲ။ စိုက်ပျိုးရေးဝန်ကြီးကလည်း လှမ်းမှာလိုက်ပါပြီ။ တပတ် အတွင်း ရေရပါလိမ့်မယ်။ ကျေနပ်ကြပါတော့နော်။ ကျနော် ကတိပေးပါတယ်” ဟု ပြန်လည် ဖြေကြားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသူ ဒေသခံတချို့က ၎င်းတို့ဒေသတွင် လျှပ်စစ်မီး ရရှိရေး၊ လယ်မြေကိစ္စများ တွင် အဂတိ လိုက်စားမှုများ ရှိနေခြင်းနှင့် လယ်ယာသုံး ပစ္စည်းများ အတိုးများစွာ ပေးနေရမှုနှင့် ပညာရေးအတွက် ကျောင်းဆောင်သစ် လိုအပ်နေသည့် ကိစ္စရပ်များကို တင်ပြခဲ့ကြသည်။
တနိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည့် ယင်းစကားဝိုင်း မပြီးမီတွင် လျှပ်စစ်မီး ရရှိရေးအတွက် ကျပ်သိန်း ၂၀၀ အလှူငွေ ရရှိခဲ့ကြောင်း၊ လယ်မြေကိစ္စရပ်များကိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် ပြန်လည်စစ်ဆေးကာ အတိုးများ သည့် လယ်ယာသုံး ပစ္စည်းများအတွက် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး ပညာရေးအတွက်လည်း ကျောင်းဆောင်သစ် လှူဒါန်းမည့်သူ ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။
မြေယာကိစ္စနှင့် ပတ်သက်၍ ရွာသားတဦးက “ဝန်ကြီးချုပ်ဆီကိုလည်း တင်ပြဖူးတယ်။ ဦးဝင်းထိန်လာတုန်းကလည်း တင်ပြဖူးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မြေတွေကို အလွဲသုံးစားလုပ်ပြီး ရောင်းစားနေတာ။ မြို့နယ်ကိုလည်း တင်ပြပါတယ်။ ခရိုင်ကလည်း ခေါ်စစ်ပါတယ်။ အမှုမှန်ပေါ်တဲ့ အခါကျတော့ ပေါ်တဲ့အတိုင်း လုပ်မပေးဘူး။ ခရိုင်ဒု ဦးစီးမှူးက မင်းတို့ ဘယ်လိုပဲ တိုင်တိုင် နောက်ဆုံး ငါတို့ပဲ ဖြေရှင်းပေးရမှာလို့ ပြောတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ရှေ့တွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိစ္စရပ်တိုင်းတွင် ထိုင်နေ၍ မဖြစ်ဘဲ ကိုယ်တိုင် ဝါယမစိုက်ထုတ်ရမည် ဖြစ်ပြီး ထိုင်နေ၍ ဘာမှ ဖြစ်လာမည် မဟုတ်ဘဲ အားလုံးက တက်ကြွစွာဖြင့် လှုပ်ရှားမှသာ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
မန္တလေးတိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်းက “ဒေါက်တာ ဇော်မြင့်မောင် ဝန်ကြီး ချုပ် ဖြစ်မယ်ဆိုတော့ မန်းသားတွေက တော်တော်မျှော်လင့်ခဲ့ကြတာ။ ဒါပေမယ့် သူက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နီးစပ်သွားပြီး ဖဲကြိုးတွေ ကိုင်နေတော့ ဝေဖန်ကုန်ကြတယ်။ တခုပဲ သူက ဒေါ်စုကို တော်တော်လေးစားတယ်။ အဲဒါ ကြောင့် သူ(ဒေါ်အောင်ဆန်းစုကြည်) ခိုင်းရင် အကုန်လုပ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထွန်းထွန်း ပံ့ပိုးရေးသားသည်။