သတင်း

၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီစနစ် ရုပ်လုံးဖော်နိုင်ခြင်းမရှိသေးဟု UNFC ပြော

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီ စနစ် ရုပ်လုံးဖော်နိုင်ခြင်း မရှိသေးကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC က ယနေ့ကျရောက်သည့် ၂၉ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ တွင် ပြောဆိုလိုက်သည်။

၁၉၈၈ လူထုအရေးတော်ပုံမှ တောင်းဆိုခဲ့သော ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေးမှာ ၂၉ နှစ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ လူမျိုးဘာသာ အသားရောင် မခွဲခြားပဲ လူတန်းစား ပေါင်းစုံ ပါဝင်သော လူထုညီညွတ်မှုအားကို အမြင့်မားဆုံး ပြသနိုင်ခဲ့သည့် သမိုင်းဝင် လူထုလှုပ်ရှားမှုဖြစ်ကြောင်း၊ ထိုလှုပ်ရှားမှုဖြင့် ၈၈ မျိုးဆက်ဟူ၍ ပေါ်ပေါက်လာခဲ့ပြီး ရှစ်လေးလုံးစိတ်ဓာတ်မှာလည်း မြန်မာ့ ဒီမိုကရေစီရေးတိုက်ပွဲနှင့်အတူ ယနေ့ထိတိုင် ခိုင်မာရှင်သန်နေဆဲဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် UNFC သဝဏ်လွှာတွင် ဖော်ပြထားသည်။

“၁၉၉၈ လူထုအရေးတော်ပုံမှ ပေါ်ပေါက်လာခဲ့သော လူထုခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့သည်လည်း ယနေ့တွင် တိုင်းပြည်၏ အစိုးရနေရာတွင် ရောက်ရှိနေရာယူထားနိုင်ခဲ့ပါပြီ။ သို့ရာတွင် စစ်အာ ဏာရှင်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီ စနစ် ရုပ်လုံးဖော်နိုင်ခြင်း မရှိသေးပါ” ဟု UNFC က သုံးသပ်သည်။

တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာကြောင့် ပြည်တွင်းစစ်မှာလည်း လွတ်လပ်ရေး ရပြီး ကတည်းက ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး တို့မှာ တိုင်းရင်းသားများလိုလားသော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ အပြည့်အဝရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ထပ်တူကျနေသည်ဖြစ်ရာ တိုင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အင်အားစု အားလုံး၏ ဘုံလုပ်ငန်းစဉ်အဖြစ် အမြန်ဆုံး အကောင်ဖော်နိုင်ရန် ဦးစားပေး ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ၎င်းသဝဏ်လွှာတွင် ရေးသားထားသည်။

ထို့ကြောင့် ရှစ်လေးလုံးစိတ်ဓာတ်ဖြင့် မပြီးပြတ်သေးသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး သို့မဟုတ် မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်ရန် UNFC က တိုက်တွန်း ပြောကြားသည်။

ယနေ့ကျရောက်သည့် ၂၉ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် ဗကသများအဖွဲ့ချုပ်၊ RCSS/SSA ရှမ်းပြည်တပ်မတော်၊ ABSDF ကျောင်းသားတပ်မတော်၊ ဖျာပုံကျောင်းသားများသမဂ္ဂများ အပါအဝင် အဖွဲ့အစည်းများက သဝဏ်လွှာများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

Loading