ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများ ဖမ်းဆီးသွားသည့် အရပ်သား ဦးအင်လမ်း ဘောက်နော်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ကချင်လူထုအခြေပြု အဖွဲ့အစည်း ၁၆ ဖွဲ့က ထုတ်ပြန်ချက် တစောင် ထုတ်ကာ ယနေ့ တောင်းဆိုလိုက်သည်။
ဇွန်လ ၂၀ရက်က လဝါးကျေးရွာအနီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီး ရပ်တန့်နေချိန်တွင် ဦးအင်လမ်းဘောက်နော်က အရက်မူးနေပြီး စားသောက်ဆိုင်တန်းများဆီသို့ လမ်း လျှောက်လာစဉ် စားသောက်ဆိုင်တန်းများနှင့် ကိုက် ၁၀၀ခန့် အကွာ၌ တပ်မတော်သားအချို့က ၎င်း၏ ခေါင်းကို သေနတ်ဒင်ဖြင့် ထုကာ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ၎င်းသည် အသက် ၅၀ အရွယ်ရှိ လယ်သမား ဖြစ်ကာ သားသမီး ၅ ဦးကို စောင့်ရှောက်နေသည့် မုဆိုးဖိုတဦးလည်း ဖြစ်သည်။
ကချင်လူထုအခြေပြု အဖွဲ့အစည်းများက ဦးအင်လမ်းဘောက်နော်၏ လုံခြုံရေးကို အထူးစိုးရိမ်နေပြီး အမြန်ဆုံး ပြန် လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဦးအင်လမ်းဘောက်နော်အား အမြန်လွှတ်ပေးရေး တောင်းဆိုသည့် ကချင်လူထုအခြေပြု အဖွဲ့အစည်းများတွင် ကချင် အမျိုးသမီးများ အစည်းအရုံး၊ ကချင်ရှေ့နေများအဖွဲ့၊ ကချင်လူငယ်အစည်းအရုံးတို့ အပါအဝင် နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းများ စုစုပေါင်း ၁၆ ဖွဲ့ ပါဝင်သည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ကချင်အမျိုးသမီးများ အစည်းအရုံးမှ အတွင်းရေးမှူး (၁) ဒေါ်ဆန်ထွယ်က “ဘယ်သူကမှ မရှိတဲ့အထဲ သူထွက်လာတော့ ဒါက KIA ဖြစ်မယ်ဆိုပြီး သူတို့ထင်သလားပေါ့။ ဒါပေ မယ့် သူက KIA မဟုတ်ဘူး။ ရိုးရိုးရွာသားပါ။ KIA ဆိုရင်တော့ ထွက်လာမှာ မဟုတ်ဘူး သေချာတယ်” ဟု ပြောသည်။
ဦးအင်လမ်းဘောက်နော်၏ သမီးကြီး ဒေါ်အင်လမ်းကော့မိုင်က ဖခင်အား ပြန်လွှတ်ပေးရန် ဇူလိုင်လ ၂၄ ရက်က ကချင်ပြည်နယ် ၊ ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးတို့ထံသို့ တိုင်ကြားစာတစောင် ပေးပို့ထားပြီး တိုင်ကြားစာ မိတ္တူများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ဥက္ကဋ္ဌတို့ထံ ပေးပို့ထားသည်။
ဦးအင်လမ်းဘောက်နော်ကို ဖမ်းဆီးစဉ်က တပ်မတော်၊ စစ်ကြောင်းတွင် တပ်ရင်း ၈၆၊ ၂၉၇၊ ၂၉၈ တို့ ပါဝင်ပြီး လဝါး ဘုန်းကြီးကျောင်းတွင် စခန်းချခဲ့ကြောင်း၊ ဖမ်းဆီးပြီး နောက်တနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၃ နာရီတွင် စစ်ကြောင်း များ ထွက်ခွာသွားရာမှ ဖခင်ပါ ပျောက်ဆုံးသွားကြောင်း ဒေါ်အင်လမ်းကော့မိုင်က တိုင်ကြားစာတွင် ရေးသားထား သည်။
“အမေဆုံးကတည်းက အဖေ့ကိုပဲ အားကိုး မှီခိုခဲ့ကြတာပါ။ အဖေတခုခု ဆိုးဆိုးဝါးဝါးဖြစ်မှာ အရမ်းစိုးရိမ်တယ်။ အဲဒီ အကြောင်းကိုတောင် မစဉ်းစားရဲဘူး။ ကျမတို့ မိသားစုတစုလုံး မလုံခြုံတော့ဘူး” ဟု ဒေါ်အင်လမ်းကော့မိုင်က ပြော သည်။
ဒေါ်အင်လမ်းကော့မိုင်၏ တိုင်ကြားစာတွင် ဖခင်၏ မှတ်ပုံတင်မိတ္တူနှင့် ဓာတ်ပုံတပုံကိုပါ ပူးတွဲ ပေးပို့ထားပြီး တာဝန်ရှိ သူများအနေဖြင့် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုထားသလို ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မ ရဲစခန်း စခန်းမှူးထံသို့ လည်း ဇူလိုင်လ ၂၀ရက်က တိုင်ကြားစာ တစောင် ရေးပို့ထားသည်။
ဖားကန့်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှီလဆိုင်းက ဦးအင်လမ်းဘောက်နော် စတင် ဖမ်းဆီးခံရစဉ်က ရွာ သူ ရွာသားများထံမှ ဖြစ်စဉ်ကို သိရှိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ပြောဆိုခြင်းများ ပြုလုပ်ပေးထား ပြီး လက်ရှိတွင် ဖုန်းအဆက်အသွယ် မရှိဟု ပြောသည်။
“တချို့ကျတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ များတော့ စစ်ရေးစစ်ရာ အချိန်ကာလမှာ ဘယ်လိုဘယ်ပုံ အသွင် ယူ တတ်တယ်ဆိုတဲ့အကြောင်း ဝန်ကြီးတွေက ပြောကြားတဲ့ အနေအထားကို မကြာခဏ ကြားရပါတယ်။ ဒါမျိုးတွေကို သေချာ စုံစမ်းပြီး စနစ်တကျ ဆောင်ရွက်ပေးဖို့က အစိုးရရဲ့ လုပ်ငန်းတာဝန်ပဲလို့ မြင်ပါတယ်” ဟု ဦးဒါရှီလဆိုင်းက ပြောသည်။
ဖြစ်စဉ်ကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြပြီး မေးခွန်းမေးမြန်းနိုင်သည့် အခြေအနေမျိုး ကူညီနိုင်ကြောင်း၊ မိမိသည် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သဖြင့် လိုက်နာရမည့် နည်းဥပဒေများအရ အပြုသဘော အခြေအနေသာ ပြောဆိုု နိုင်ကြောင်း၊ ဒေသခံများ၊ မိသားစုများအနေဖြင့် သက်သေ ခိုင်ခိုင်လုံလုံဖြင့် တရားရေးကိစ္စများကို စနစ်တကျ ပြင်ဆင်ရန် အဓိကဖြစ်ကြောင်း ဦးဒါရှီလဆိုင်းက အကြံပြုသည်။
“ဥပမာ တပ်ပိုင်းဆိုင်ရာက ကျူးလွန်ပါတယ်ဆိုပြီး သက်သေအထောက်ထား မခိုင်လုံဘဲ တရားရုံးတင်မယ်ဆိုရင် သူတို့ပြန်ချေပလာရင် ကျနော်တို့ဘက်က မခိုင်လုံဘူးဆို မတရားစွပ်စွဲတဲ့ အနေအထား ဖြစ်နိုင်တယ်။ အဲဒီပုံစံမျိုး သူတို့က အမြဲပြင်ဆင်ထားတာရှိတယ်။ ခိုင်လုံတိကျတဲ့ အထောက်အထားနဲ့ တင်ပြပြီး ဥပဒေအတိုင်းသွားမယ်ဆို အောင်မြင်နိုင်မယ်လို့ မြင်တယ်” ဟု ဆက်လက်ပြောသည်။