သတင်း

တရုတ် ဘတ်စ်ကားဝယ်ယူမှု ပွင့်လင်းမြင်သာခြင်း မရှိဟု ဦးဖြိုးမင်းသိန်း အဝေဖန်ခံရ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် နှစ်ပေါင်းများစွာ ကြီးစိုးခြယ်လှယ်ခဲ့သည့် မထသ အဖွဲ့ကို ဖျက်သိမ်းကာ YBS စနစ်ဖြင့် ရဲဝံ့စွာ အစားထိုးခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှု အားနည်းသည်ဟု အကြီးအကျယ် ဝေဖန်ခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်အမတ်များကြား တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းတရာကျော်တန်ဖိုးရှိ ဘတ်စ်ကားစီးရေ နှစ်ထောင်ကျော် ဝယ်ယူတင်သွင်းမှုအပေါ် သဘောထားကွဲလွဲနေကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အမေရိကန်ဒေါ်လာ သန်း တရာကျော် တန်ကြေးရှိ ဘတ်စ်ကားနှစ်ထောင်ကို တရုတ်နိုင်ငံမှ တင်သွင်းရန် သဘော တူညီမှုနှစ်ခုသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်အောက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် ယင်း၏ကုန်ကျစရိတ်ကို မေးခွန်းထုတ်ကြပြီး ဦးဖြိုးမင်းသိန်းကို ခရိုနီ အားပေးမှု၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းတို့နှင့် စွပ်စွဲသောဒေသဆိုင်ရာ လွှတ်တော်အမတ်များအကြား ထူးခြားသော အကွဲအပြဲကို ဖြစ်စေခဲ့သည်ဟု ဆိုသည်။

သတင်းတွင် ဝန်ကြီးချုပ်လိုသော အချိန်ကာလအတွင်း ရောင်းပေးနိုင်ခြင်း မရှိသောကြောင့် ပြင်သစ်၊ ဒတ်ချ် လုပ်ငန်းများနှင့် ကနဦး ဆွေးနွေးပွဲများမှာ အရာမထင်ဟု ထိုကိစ္စတွင် ပါဝင်သော သံတမန်များနှင့် အကျိုးဆောင်များက ပြောကြောင်း သိရသည်။ နောက်ပိုင်းတွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ (YBPC) သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟုန်လျှံ ရွေးချယ်ပေးသော တရုတ်ကုမ္ပဏီ ၂ ခုထံမှ ဘတ်စ်ကား ၁၀၀၀ ကို ဝယ်ယူလိုက်သည်။

ထိုကန်ထရိုက်ကို ချထားပေးခြင်းသည် မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ပုံမရသော်လည်း ထိုအများပြည်သူဆိုင်ရာ ဝယ်ယူမှုတွင် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ရိုလန်ကိုဘီယာက ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်သို့ ပေးပို့သည့်စာတွင် ဝေဖန်ထားသည်ဟုလည်း ရိုက်တာက ဖော်ပြသည်။

“လတ်တလော ပြည်တွင်းစီးပွားရေးတွင် ယှဉ်ပြိုင်မှုကို တားဆီးသောအလေ့အထရှိသည့် လက်တဆုပ်စာသော ပြည်တွင်း နှင့် ဒေသတွင်း စီးပွားရေးသမားများက လွှမ်းမိုးချုပ်ကိုင်ထားသည်” ဟု ဇွန်လ ရက်စွဲတပ် ထိုစာတွင် ဖော်ပြထားကြောင်း သတင်းက ဆိုသည်။

“ဥရောပလုပ်ငန်း အများအပြားသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် အသင့်ရှိနေကြသော်လည်း ကန်ထရိုက်ရရေးအတွက် ၎င်းတို့ကို မျှတစွာ ယှဉ်ပြိုင်ခွင့်ပေးရန် လိုအပ်ချက်များစွာ ရှိသည်” ဟု ဥရောပသမဂ္ဂသံအမတ် ကိုဘီယာက ရိုက်တာက ပေးပို့သောမေးခွန်းကို တုံ့ပြန်ခဲ့သည်။ သူသည် အများပြည်သူဝန်ဆောင်မှုကဏ္ဍ ဝယ်ယူမှုများတွင် ပွင့်လင်းမြင်သာမှုကို ရည်ညွှန်းသည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသောအခါ အနောက်နိုင်ငံကုမ္ပဏီများ မြန်မာ နိုင်ငံသို့ အလုံးအရင်းဝင်လာမည်ဟု သုတေသီများက ဟောကိန်းထုတ်ခဲ့သည်။ အနောက်နိုင်ငံအစိုးရများသည် ၂၀၁၁ ခု နှစ်က စတင်သော မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အားပေးခဲ့ကြသည်။

သို့သော် YBS ကိစ္စက မြန်မာနိုင်ငံသည် တရုတ်နှင့် စီးပွားရေးလုပ်ရန် ပိုမို ဦးစားပေးနေကြောင်း အနောက်နိုင်ငံများကို ပိုမိုထင်ယောင်ထင်မှား ဖြစ်လာသည်ဟု သတင်းက ရေးသည်။

ရန်ကုန်ရှိ ခေတ်မမီတော့သော သယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် သူ၏ အားထုတ်မှုသည် ဒေါ်အောင်ဆန်း စုကြည်၏ NLD ကို သိမ်းကြုံး ထောက်ခံခဲ့သော မဲဆန္ဒရှင် ၂ သန်းကျော် နေထိုင်ရာမြို့မှ ပြည်သူ့ဘဝများ တိုးတက်အောင် လက်တွေ့ပြသလုပ်ဆောင်နိုင်မည့် ပထမဆုံးအခွင့်အလမ်းဖြစ်သည်။

သို့သော် ကမ္ဘာ့ဘဏ်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းက သယ်ယူပို့ဆောင်ရေး ကွန်ရက် ကို အဆင့်မြှင့်တင်ပေးမည့်စီမံကိန်းကို ရန်ကုန်အစိုးရ အရာရှိများက လွန်ခဲ့သောနှစ်က ပယ်ချခဲ့သည်။ အကြောင်းရင်းမှာ အသေးစိတ်အချက်များအပေါ် သဘောထားကွဲလွဲမှု၊ ယာဉ်များကို အသေးစိတ်ကြီးကြပ်ခြင်းနှင့် ပွင့်လင်းတင်ဒါခေါ်ရန် လိုသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံနှင့် အစိုးရချင်း သဘောတူစာချုပ်ကြောင့် လျှော့ဈေးဖြင့် ကားများ အလျင်အမြန် ရသည်ဟုဆိုကာ သူနှင့် အခြားဝန်ကြီးများက ထိုကိစ္စကို ခုခံကာကွယ်ခဲ့သော်လည်း အရောင်းအဝယ် အသေးစိတ်များကို သဘောမတူမီ လူသိရှင်ကြား တင်ဒါခေါ်ခြင်း၊ တိုင်းလွှတ်တော်တွင် ဆွေးနွေးခြင်းမရှိခဲ့ပေ။

တရုတ်ဘတ်စ်ကားဈေးသည် နိုင်ငံတကာပြိုင်ဘက်များ၏ ဈေးနှုန်းထက်ဝက်ခန့်သာ ရှိသော်လည်း နိုင်ငံတကာစံနှုန်းထက် လွန်စွာ စောလျင်ပြီး ပျက်စီးကာ အစားထိုးရမည်ဟု ထိုကားများကို စစ်ဆေးခဲ့သော အင်ဂျင်နီယာများက ပြောကြောင်း ဆိုသည်။

တရုတ်ထုတ်ကုန်များ၏ အရည်အသွေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် စိုးရိမ်မကင်းဖြစ်မှုများရှိသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသဖြင့် တရုတ်သမ္မတက တရုတ်သံရုံးထံ အကောင်းဆုံး ဘတ်စ်ကားထုတ်လုပ်သူများကို ကူညီရှာဖွေ ပေးရန် ပြောခဲ့သည်ဟု ထိုအရောင်းအဝယ်တွင် ပါဝင်ခဲ့သော တရုတ်ကုမ္ပဏီတခုမှ အရာရှိတဦးက ပြောသည်ဟု ဖော်ပြ သည်။

ဘတ်စ်ကားများ၏တန်ဖိုးကို တစီးလျှင် ဒေါ်လာ ၅၆၀၀၀ သတ်မှတ်ပြီး ဧပြီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ နှစ်လကြာသောအခါ ရွေးချယ်ခံ Anhui Ankai Automobil Co Ltd နှင့် Zhengzhou Yutong Bus Co တို့က အဝါရောင် ဘတ်စ်ကား ၅၀၀ စီ ပေးပို့ခဲ့ကြသည်။

အရည်အသွေးကို ထိုလုပ်ငန်းနှစ်ခုရှိရာ ပြည်နယ်အစိုးရများက အာမခံသည်ဟု ဆိုသော်လည်း ထိုလုပ်ငန်းများကို ရွေးချယ်ခဲ့သည့် စံနှုန်းများကို မသိရပေ။ Ankai နှင့် Yutong လုပ်ငန်း ၂ ခုလုံးက ရိုက်တာသတင်းဌာန၏ မေးခွန်းများကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။

အခြားသောနိုင်ငံများတွင် တင်ဒါခေါ်ယူပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာရသောကြောင့် ယခုကဲ့သို့ စီစဉ်မှုများမှာ လွန်စွာရှားပါးသည်ဟု အထက်ပါ တရုတ်ကားထုတ်လုပ်ငန်းနှစ်ခုအနက်တခုမှ မန်နေဂျာတဦးက ပြောသည်။ ရိုက်တာသတင်းဌာန၏ မေးခွန်းများကို ရန်ကုန်ရှိ တရုတ်သံရုံးကလည်း ဖြေကြားခြင်းမရှိခဲ့ပေ။

ရန်ကုန်မှ ခရီးသွားများသည် နှစ်ပေါင်းများစွာ ပူလောင် ကျပ်သိပ်စွာ စီးနင်းလိုက်ပါခဲ့ကြရသည့် သက်တမ်း နှစ် ၄၀ ရှိ လေ အေးပေးစက်မပါသော ယာဉ်များထက် ပိုမိုကောင်းမွန်သော်လည်း တရုတ်ဘတ်စ်ကားများသည် ဥရောပနှင့် ဂျပန်ကားများ ထက် အရည်အသွေးနိမ့်သည်ဟု မြန်မာနိုင်ငံအတွက် တရုတ်ဘတ်စ်ကားများကို မဝယ်မီ စစ်ဆေးခဲ့သော အင်ဂျင်နီယာ ဦးစိုးအောင် ပြောသည်။ ဂျပန်နှင့် ဥရောပကားများ၏တန်ဖိုးမှာလည် တရုတ်ကားများ၏တန်ဖိုး နှစ်ဆခန့် ရှိမည်ဟု သူ ခန့် မှန်းသည်။

“ဒီစီမံကိန်းက ၅ နှစ်အတွက်တည်းပါ” ဟုလည်း ပြောပြီး ထိုကာလအတွင်း ကားများ ပျက်စီးသွားလိမ့်မည်ဟုလည်း သူက ခန့်မှန်းကြောင်း သတင်းက ဆိုသည်။

ထိုကာလနောက်ပိုင်းတွင် ၎င်းတို့ကို လျှပ်စစ်ကားများနှင့် အစားထိုးမည်ဟု အရာရှိများက ပြောသော်လည်း ဆယ်စုနှစ် တခုအတွင်း ဖြေရှင်းမရလောက်အောင် လျှပ်စစ်ဓာတ်အား မလုံလောက်သောနိုင်ငံတွင် ထိုအစီအစဉ်သည် လက်တွေ့ မကျသော စိတ်ကူးယဉ်မှုဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးဝယ်ယူမှုဆိုင်ရာ အနောက်တိုင်းကျွမ်းကျင်သူများက ဘတ်စ်ကားတစီး၏ ပုံမှန်သက်တမ်းမှာ ၁၀ နှစ် ရှိသည်ဟု ပြောသည်။

“ ဒီလောက် တိုတောင်းတဲ့ကာလအတွင်းမှာ အစားထိုးနည်းပညာကို စီစဉ်ပြီး နည်းပညာသစ်တခုကို စတင်အသုံးပြုမယ် ဆိုရင် ထိရောက်မယ် မထင်ဘူး” ဟု နိုင်ငံတကာ အတိုင်ပင်ခံလုပ်ငန်း B+H Architects မှ နိုင်ငံတကာ ဒါရိုက်တာ ရောဘတ်မာရှယ်က ပြောသည်။

ဒေသလွှတ်တော်ကိုယ်စားလှယ်များက ထိုစီမံကိန်းအတွက် ကျပ် ၇၀ ဘီလီယံကို လွန်ခဲ့သော ဒီဇင်ဘာလက ခွင့်ပြုပေးစဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ဘဏ္ဍာငွေ ခွင့်ပြုမပြုကိုသာ မဲပေးခွင့် ပေးခဲ့သည်။ စာချုပ်ကို ဧပြီလတွင် လက်မှတ် ရေးထိုးပြီးနောက် လွှတ်တော်ကိုယ်စားလယ်များက ဘဏ္ဍာရေးအကြောင်းအရာများ၊ လုပ်ငန်းစီမံချက်များနှင့် ဘတ်စ်ကား များကို မည်သို့ ဝယ်ယူသည်ကို မေးခွန်းထုတ်သောအခါ မေးခွန်းများမှာ ရှောင်ရှားခံရပြီး အဖြေမရခဲ့ပေ။

ထိုစီမံကိန်း၏ ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်များကို ရိုက်တာသတင်းဌာနက မေးသောအခါ ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘ ဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားရန် ငြင်းဆန်ခဲ့သည်။

၁၉၈၈ ခုနှစ် အထိ မြန်မာစစ်အစိုးရခေါင်းဆောင်၏မြေးဖြစ်သူ ဦးကျော်နေဝင်း ပါဝင်ပတ်သက်နေခြင်းသည်လည်း အချို့ သော NLD လွှတ်တော်ကိုယ်စားလှယ်များကို ဒေါသထွက်စေခဲ့သည်။

အကျိုးအမြတ်များသော ကန်ထရိုက်စာချုပ်များကို အဆက်အသွယ်ကောင်းသော စီးပွားရေးသမား လက်တဆုပ်စာကိုသာ ပေးခဲ့သည့် စစ်အစိုးရခေတ် ခရိုနီပုံစံဖြစ်နေသည်ဟုလည်း ဝေဖန်သူများက ပြောသည်။

ဦးကျော်နေဝင်းသည် ဘတ်စ်ကားများကို အခြားသော တရုတ်နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် Beiqi Foton Motor Co Ltd မှ ဝယ်ယူခဲ့သည်။ အရောင်းအဝယ် အသေးစိတ်ကို ပြောကြားရန်လည်း သူ ငြင်းဆန်သည်။ Beiqi Foton Motor Co Ltd က လည်း ရိုက်တာသတင်းဌာန၏ မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်သည်။

ဦးကျော်နေဝင်းကို ရန်ကုန်တွင် အကြီးမားဆုံးဘတ်စ်ကား လုပ်ငန်းရှင်ဖြစ်သွားစေခဲ့သော ထိုအရောင်းအဝယ်မှာ “ရိုးရိုး စင်းစင်းသာဖြစ်သည်” ဟု ဦးကျော်နေဝင်းက ပြောသည်။ သူသည် ရန်ကုန်မှပြည်သူများကို ဝန်ဆောင်မှုကောင်းကောင်း ပေးလိုသည်ဟုလည်း ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading