ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်နယ်ဆိုင်ရာ ဥပဒေများ ရေးဆွဲမည်ဆိုပါက ကချင်ပြည်နယ် အတွက် အသင့်ဖြစ်စေရန် ကချင်နိုင်ငံရေးပါတီ ၄ ခုက “ကချင်ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း” တခု ရေးဆွဲ နေသည်ဟု သတင်းရရှိသည်။
ကချင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲနေသည့် ကချင်နိုင်ငံရေးပါတီ ၄ ခုမှာ ၂၀၁၈ ခုနှစ်တွင် တပါတီ တည်း အဖြစ် ပူးပေါင်းရန် ပြင်ဆင်နေကြသည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) နှင့် လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံံ့ဖြိုး တိုးတက် ရေးပါတီ (LNUDP) တို့ဖြစ်သည်။
KSDP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက “အခုက ဖက်ဒရယ်ကို သွားနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ်နဲ့ ကိုက်ညီ အောင် ဖက်ဒရယ် မူဘောင်အတွင်းကနေ ပြည်နယ်တချို့ရဲ့ အခြေခံဥပဒေမှာ ဘာတွေ ပါသင့်တယ်ဆိုတာကို စု ဆောင်းပြီး အကြမ်းဖျင်း ရေးဆွဲနေတာပါ။ ပြင်ဆင်မှုလေး လုပ်နေတာပါ” ဟု ပြောသည်။
မူကြမ်း ရေးသားရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်သည့်အခါ ပြည်နယ်များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ အာဏာသုံးရပ်အပေါ် မည်သို့ ခွဲဝေမည်လဲ ဆိုသည်တို့ကို အဓိက ရေးသားနေပြီး နိုင်ငံတကာမှ ကိုးကားချက်များလည်း ထည့်သွင်းနေသည်ဟု သိရသည်။
ဒေါက်တာတူးဂျာက “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေရေး ဒါတွေအပေါ် မူတည်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ်ဖွဲ့စည်းပုံဆိုတာ ရှိရမယ်။ အဲဒါတွေအပေါ် မူ တည်ပြီး ရေးနေပါတယ်။ နောက် စီးပွားရေး အခွန်အကောက်တွေ ပါတယ်” ဟု ပြောသည်။
မူကြမ်းထဲတွင် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ကချင်အမျိုးသားညီလာခံတွင် ကချင်လူထု၊ အရပ်ဘက်၊ ဘာသာ ရေး ခေါင်းဆောင်များ သဘောတူထားသည့် အချက်များလည်း ပါရှိသည်ဟု သိရသည်။
KNC ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးလန်းယော်က “ကျနော်တို့ KNC က ၉၀ ရွေးကောက်ပွဲမှာ နိုင်တုန်းက ဖွဲ့စည်းပုံ ပြင်မယ်ဆိုပြီး လုပ်ထားတဲ့ ဖွဲ့စည်းပုံတခုရှိတယ်။ အဲဒါကို ပြန်ကိုးကားထားတယ်။ အမှန်ဆို ဖွ့ဲစည်းပုံဆိုတာက နိုင်ငံရေးပါတီတွေက မူဝါဒပိုင်းဆိုင်ရာပဲ ပြောလို့ရမှာ ဆိုတော့ တကယ်ရေးမှာက ပညာရှင်တွေရေးမှာပါ။ ကျနော် တို့က အခုအချက်အလက်တွေ စုဆောင်းနေတဲ့ သဘောပါ” ဟု ပြောသည်။
မူကြမ်းတွင် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်၌ ပြည်မနှင့် တောင်တန်းဒေသ ခေါင်းဆောင်ကြီးများ သဘောတူညီခဲ့ကြသည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များကိုလည်း အခြေခံ ရေးဆွဲထားကြောင်း၊ လက်ရှိ တွင် ကချင်ပြည်သူများနှင့် တွေ့ဆုံထားပြီး ၎င်းတို့၏ ဆန္ဒများကို ထည့်သွင်းပေးထားကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံ အစည်းအဝေးများ၏ နိုင်ငံရေး ကဏ္ဍ တွင် ဖက်ဒရယ်နှင့်ဆိုင်သည့် အချက်အလက်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ပင်လုံ အစည်းအဝေး တကြိမ်ပြီးတိုင်း ပြည်ထောင်စု သဘောတူညီမှု စာချုပ် (Union Accord ) တခု ချုပ်ဆိုမည် ဖြစ်သည်ဟု ဒေါက်တာတူးဂျာက ပြောသည်။
ဆွေးနွေးရန် အချက်အားလုံး ကုန်သွားသည့် အချိန်တွင် ၂၁ရာစုပင်လုံ အစည်းအဝေးကိုလည်း အဆုံးသတ်လိုက် မည်ဖြစ်ပြီး အစည်းအဝေး တခုချင်းစီတွင် ချုပ်ဆိုထားသည့် ပြည်ထောင်စု သဘောတူညီမှု စာချုပ်များကို ပြန်လည် ပေါင်းစပ် ချုပ်ဆိုမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ဒေါက်တာ တူးဂျာက “ Union Accord အတိုင်း ဖွဲ့စည်းပုံ အသစ်ရေးရမယ်။ အဲဒါက ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်သွားမယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံ ရေးဆွဲပြီးပြီ။ အတည်ပြုပြီးပြီဆိုရင် ပြည်နယ်ဖွဲ့စည်းပုံအတွက် ကိုယ့်ပြည်နယ်မှာ ကိုယ်သတ်သတ် ရေးဆွဲကြမယ်။ အဲဒီအခါကျရင် ကျနော်တို့ ပြင်ဆင်ထားတာတွေ ပေးလို့ ရမယ်။ အဲဒီမှာ အသုံးဝင်မှာပါ” ဟု ပြော သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးများ ကျင်းပနေသည်မှာ ၂ ကြိမ် ရှိပြီး အစည်းအဝေး များကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) မူများအရ ၆လ တကြိမ် ကျင်းပနေခြင်း ဖြစ်သည်။