သတင်း

တောဆင်ရိုင်း ၂ ကောင် သတ်ဖြတ်ခံရမှု လူ ၉ ဦးကို ဖမ်းဆီးထား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာ အုပ်စုအပိုင် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း ယခုလဆန်းပိုင်းက တောဆင်ရိုင်း ၂ ကောင် အဆိပ်လူးမြားဒဏ်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ယင်းကိစ္စနှင့် ပတ်သက်၍ သံသယရှိသူ ၉ ဦးကို သြဂုတ်လ ၆ရက်နှင့် ၇ ရက်နေ့များက ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၉ ဦးမှာ ငပုတောမြို့နယ်၊ မဲခရဲနှင့် ဆင်မှုံ သစ်တောကြိုးဝိုင်းများအတွင်း နေထိုင်သူများဖြစ်ကာ ၎င်းတို့ထံမှ ဒူးလေး ၁၀ လက်၊ အဆိပ်လူးမြားတံ အချောင်း ၉၀ ကျော်နှင့် အဆိပ်ပုလင်းများ တွေ့ရှိရ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က “ငပုတောနဲ့ ပုသိမ်မြို့နယ် ရဲ တပ်ဖွဲ့၊ သစ်တောဌာန၊ ဒေသအုပ်ချုပ်ရေးတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ တောနင်းရှာဖွေခဲ့ရာမှာ တရားခံ ၉ ဦးကို ဖမ်းဆီးရမိထားပါတယ်။ တောအတွင်းမှာ နေထိုင်သူတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေသအတွင်း ပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ဒေသခံများအနေဖြင့် ဆင်သတ်ပြီး ရရှိလာမည့် ငွေကြေးကိုု မက်မောသောကြောင့် ဆင်သတ်သည့် လူများကို နေထိုင်ခွင့်ပေးကာ ဆင်ရှိနိုင်မည့်နေရာကို လမ်းပြပြီး ကူညီပေးနေ သဖြင့် တောဆင်ရိုင်း သတ်ဖြတ်မှုများကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်နေရကြောင်း ၎င်းကပြောသည်။

တောဆင်ရိုင်းများ အဆိပ်လူးမြားဖြင့် သတ်ဖြတ်ခံနေရကြောင်း သတင်းရ၍ တောအတွင်း ရှာဖွေခဲ့ရာ တင်းချောင်းကျေးရွာ အုပ်စု ယောင်းယင်ကျေးရွာအနီး မြစ်တစ်ရာ သစ်တော ကြိုးဝိုင်းအတွင်း သြဂုတ် လ ၄ ရက်နေ့တွင် အသက် ၂၆ နှစ်ခန့်ရှိ ဆင်အမအသေတကောင် တွေ့ရှိရပြီး သြဂုတ်လ ၅ ရက်နေ့ တွင် အသက် ၄ နှစ်အရွယ် ဆင်အမတကောင် သေဆုံးနေ သည်ကို ထပ်မံ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဆင်သေများ၏ ခန္ဓာကိုယ်ပေါ်တွင် ၁၆ လက်မအရှည်ရှိ အဆိပ်လူးမြား ၂ ချောင်း စိုက်လျက်သား တွေ့ရှိခဲ့ပြီး ထိုဆင်သေ အလောင်းများကို သစ်တောဌာနက တောတွင်းမှာပင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုထွန်းလေးက “သုံးတဲ့ အဆိပ်ကလည်း အရမ်းပြင်းထန်ပုံ ရတယ်။ အပစ်ခံရတဲ့ဆင်က ၂၄ နာရီ မခံဘူး။ သေတာပဲ။ အခုလည်း ဆင်ကို အဆိပ်မြားနဲ့ပစ်ပြီး သေတော့မှ ဖျက်ယူဖို့။ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက သတင်းရတာနဲ့ ချက်ချင်း ဝိုင်းလိုက်လို့ ဆင်ကို ဖျက်ယူချိန် မရလိုက်တာ” ဟု ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၅ ရက်နေ့အထိ ၇ လ ကျော်အတွင်း တောဆင်ရိုင်း ၁၀ ကောင် အသတ်ခံခဲ့ရပြီး အဆိပ်လူးမြားဖြင့်ပင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြော သည်။

ဆင်သတ်မုဆိုးများသည် ဆင်သေများထံမှ အစွယ်၊ အရေပြား၊ အသားနှင့် အမြီးများ ယူကာသစ်တောထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူများနှင့် ချိတ်ဆက်၍ ပုသိမ် – မော်တင် ကားလမ်းမှတဆင့် မန္တလေးမြို့သို့ ပို့ဆောင်ပြီး မန္တလေး – မူဆယ်လမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်းဝယ် ဖောက်ကားခြင်းကို တားဆီးရန် ငပုတောမြို့နယ် ငရုတ်ကောင်း တောင် ဒေသနှင့် ပုသိမ်မြို့အဝင် မြစ်ကူးကြိုးတံတားထိပ်ကဲ့သို့ လမ်းဆုံ လမ်းခွနေရာများတွင် ဆင်ထွက်ပစ္စည်းများ စစ်ဆေး သည့်ဂိတ်များ ထားရှိသင့်ကြောင်း ငပုတောဒေသခံများက အကြံပြု ပြောဆိုကြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယမန်နှစ်က တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ယင်းအနက် ၄ မှုကို တရားခံ ဖမ်းဆီးနိုင်ခဲ့သည်။ ဆင်သတ်မှု ၆ မှု၏ တရားခံများကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပြီး တရားခံမပေါ်သည့် ဆင်သတ်မှု ၃ မှုကို ပိတ်သိမ်းခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးစာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading