အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင်လည်း ကာကွယ်ရေး အသုံးစရိတ်သည် တိုးမြင့်နေဆဲ ဖြစ်ပြီး ပွင့်လင်း မြင်သာမှု မရှိကြောင်း နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
ကာကွယ်ရေး အသုံးစရိတ်သည် တိုင်းပြည် ဘတ်ဂျက်၏ ၁၄ ရာခိုင်နှုန်းခန့်ဖြစ်သော ကျပ် ၂၉၁၅ ဘီလီယံ အထိ တိုးမြှင့် သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။
ယင်း အသုံးစရိတ်သည် ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍ ၂ ရပ်ပေါင်းထက်ပင် ပိုမိုမြားပြား နေသေးကြောင်း သိရ သည်။
NLD အစိုးရသစ် လက်ထက်တွင် ရေးဆွဲသည့် ၂၀၁၇-၁၈ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေတွင် ပညာရေး အသုံးစရိတ်သည် ကျပ် ၁၇၆၁ ဘီလီယံဖြင့် ၈.၄ ရာခိုင်နှုန်း၊ ကျန်းမာရေး အသုံးစရိတ်သည် ၁၀၇၇ ဘီလီယံဖြင့် ၅ ရာခိုင် နှုန်း၊ ၂ ခုပေါင်း ၁၃ ရာခိုင်နှုန်းကျော် ရှိသော်လည်း ကာကွယ်ရေး အသုံးစရိတ်သည် ၂၉၁၅ ဘီလီယံဖြင့် ၁၄ ရာခိုင် နှုန်း ခန့် အထိ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောပြကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် နောက်ဆုံး ရေးဆွဲခဲ့သည့် ဘတ်ဂျက်တွင် ပညာရေး အသုံးစရိတ် ကျပ် ဘီလီယံ ၁၄၀၅၊ ကျန်းမာရေး အသုံး စရိတ် ၇၅၃ ဘီလီယံ စုစုပေါင်း ၂၁၅၈ ဘီလီယံ ရှိချိန်တွင် ကာကွယ်ရေး အသုံးစရိတ်သည် ၂၇၅၀ ဘီလီယံ ဖြစ်ကြောင်း NLD လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းကလည်း ပြောပြကြသည်။
“ဘာကြောင့် တိုးလာတာလဲ ဆိုတာ ကျမတို့ စဉ်းစားလို့ မရဘူး။ နှစ်စဉ် နှစ်တိုင်းကတော့ အမြင့်ဆုံး ဘတ်ဂျက်ကို သုံးထားတယ်။ ဒီတနှစ်မှာ ဒီထက်ပိုပြီး တိုးမြင့်သွားတာ ဘာကြောင့်လဲ ဆိုတာကို သိချင်တယ်။ ဒီမိုကရေစီ အပြောင်း အလဲ ဖြစ်တဲ့ နိုင်ငံတွေမှာ ပြည်သူလူထုကို သက်သောင့်သက်သာ ဖြစ်စေမယ့် ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ် ကို ပိုမို သုံးစွဲတာမျိုးပဲ ရှိတယ်”ဟု ရန်ကုန် မင်္ဂလာတောင်ညွှန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
၎င်းသည် သြဂုတ်လ ၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်း စစ်ချုပ် ရုံးက ပေးပို့သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ အစီရင်ခံစာကို ဆွေးနွေးစဉ် ကာကွယ်ရေး အသုံးစရိတ် ပွင့်လင်းမြင်သာမှု မရှိခြင်းကို မေးခွန်းထုတ်ခဲ့သည်။
ဒေါ်ဖြူဖြူသင်းက ဆက်လက်၍“တခြားဝန်ကြီးဌာနတွေလို ကာကွယ်ရေး ဝန်ကြီးဌာနကိုလည်း ပွင့်လင်း မြင်သာစွာနဲ့ ဘတ်ဂျက် စစ်ဆေးခွင့် ရခဲ့မယ်ဆိုရင် ပြည်သူလူထု အနေနဲ့လည်း သိရှိနိုင်မယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ပြန် စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပြည်သူ့ဘဏ္ဍာငွေတွေ။ ကိုယ့်ရဲ့ ဘဏ္ဍာငွေတွေက လေ့လွင့်ဆုံးရှုံး နေ လား။ အဂတိ လိုက်စားမှုတွေ ဖြစ်နေလားဆိုတာ ပြည်သူတွေ သိရှိဖို့ အတွက် ထုတ်ပြန်ပေးသင့်တယ်”ဟု ပြောသည်။
လွှတ်တော် ငွေစာရင်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးခင်ချိုက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း တပ်မတော် ၏ အသုံးစရိတ်ကို အသေးစိတ် စိစစ်ခွင့် မရှိကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် သာမန် အသုံးစရိတ် ကိုသာ အကြမ်းဖျင်း စိစစ်ရကြောင်း ဧရာဝတီသို့ ပြောသည်။
“တပ်မတော်ရဲ့ အသုံးစရိတ်ကို စာရင်းစစ်ချုပ်ရုံးက အသေးစိတ်စစ်ခွင့် မရှိပါဘူး။ ကျနော်တို့ ကော်မတီကလည်း စာရင်း စစ်ချုပ် ရုံးရဲ့ အစီရင်ခံစာကိုပဲ စစ်ဆေးရတာပါ။ ၁၉၇၄ ခုနှစ်ကစလို့ တပ်မတော်ရဲ့ အသုံးစရိတ် အသေးစိတ် တွေကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ကပဲ စစ်ခွင့် ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
တပ်မတော်၏ အသုံးစရိတ်ကို အသေးစိတ် စိစစ်ခွင့် မရှိသကဲ့သို့ တပ်မတော်၏ ဘတ်ဂျက် တောင်းခံမှုကိုလည်း လက် ရှိ NLD အစိုးရ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမူအရ ဖြစ်တောက်ခြင်း မရှိကြောင်း၊ ကာကွယ်ရေး ဘတ်ဂျက် စိစစ်သည့် ကော်မတီ ကလည်း လုပ်ငန်းထပ်နေခြင်းမျိုးမှ လွဲ၍ တောင်းသမျှကို အတည်ပြုပေးလိုက်ကြောင်း ရန်ကုန် မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပြသည်။
ဦးအောင်လှိုင်ဝင်းက “ကျနော်တု့ိပါတီက သွားနေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမူအရတော့ ကာကွယ်ရေး ဘတ်ဂျက်ကို စိစစ် ဖြတ်တောက်တာမျိုး လုပ်မှာ မဟုတ်ဘူး။ စိစစ်တဲ့ ကော်မတီအနေနဲ့ကလည်း လုပ်ငန်းတူနေတာ တွေ ရှိရင် ရပ်ခိုင်းတာမျိုး ရှိပေမယ့် တင်ပြလာတာတွေ အကုန်လုံးကို ခွင့်ပြုပေးလိုက်တာမျိုးပဲ။ အဲဒီ စစ်ပစ္စည်း တကယ် ဝယ်ထားလား၊ မဝယ်ထားဘူးလား ဆိုတာတော့ သွားစစ်လို့ မရဘူး”ဟုလည်း ပြောသည်။
၎င်းက ဆက်လက်၍ “တိုင်းပြည်က စစ်ဖြစ်နေတော့ ကာကွယ်ရေးအသုံးစရိတ်က များနေမှာပဲ။ ဒီအသုံးစရိတ်က တပ် မတော်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ် ဆိုပေမယ့် တပ်မတော် အတွက်ကျတော့လည်း လောက်ငရုံပဲ ရှိမှာ။ စစ်သည်အင်အား ၅ သိန်း လောက်ကို သူထောက်ပံ့ရမှာလေ။ သူ့ဘက်က ဝိတ်လျှော့ဖို့က မလွယ်ဘူး။ သူတို့ကလည်း အပို တောင်းနေတာတော့ မဟုတ်ဘူး”ဟု ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် ကာကွယ်ရေး ဝန်ကြီးဌာန၏ တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဥပဒေ အရ တပ်မတော် အသုံးစရိတ်များကို အရပ်ဘက် ဌာနများမှ အသေးစိတ် စိစစ်ခွင့်မရှိဘဲ ကင်းလွတ်ခွင့်ပြုထား ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး အခြေအနေများအရ တပ်မတော်၏ စက်ပစ္စည်း၊ အဆောက်အအုံများကို အသေး စိတ် စိစစ်ခွင့်ပြုနိုင်ခြင်း မရှိကြောင်း တပ်မတော် ခေါင်းဆောင်များက ပြောဆိုခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု ဘတ်ဂျက်တွင် ကာကွယ်ရေး အသုံးစရိတ် ပါဝင်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာ ရေး နှစ် အတွက် ၁၄.၆၂ ရာခိုင်နှုန်း၊ ၂၀၁၂ -၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၄.၀၈ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ် ၁၃.၂၇ ရာခိုင်နှုန်း၊ ၂၀၁၄ -၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၂.၇၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာ ရေးနှစ် ၁၃.၆၄ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၄.၃၀ ရာခိုင်နှုန်း (ခန့်မှန်းခြေ) နှင့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ၁၃.၉၅ ရာခိုင်နှုန်း(တောင်းယူ ဘတ်ဂျက်) တို့ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၇ – ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ရရန်ငွေ စုစုပေါင်းသည် ကျပ် ၇၃.၁၁၁ ဘီလီယံ၊ သုံးရန်ငွေ စုစုပေါင်း ၂၉၀၅.၁၉၅ ဘီလီယံ ဖြစ်ကြောင်း၊ သာမန် အသုံးစရိတ် သုံးရန်ငွေ ၁၆၅၄.၃၃ ဘီလီယံ၊ ငွေလုံး ငွေရင်း အသုံးစရိတ် သုံးရန်ငွေ ၁၂၅၀.၈၆၅ ဘီလီယံ လျာထားကြောင်း ဒု ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က လွှတ်တော်တွင် ပြောဆိုခဲ့သည်။
နိုင်ငံတော် ဘတ်ဂျက်များ သုံးစွဲခွင့်ရပါက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် မြန်မာ့ စီးပွားရေးဘဏ်တွင် အစိုးရက ဘဏ်အကောင့် ဖွင့်ပေးလိုက်ပြီးနောက် ဝန်ကြီးဌာနများက ၎င်းတို့ရရှိသည့် ငွေကြေး ပမာဏကို ထုတ်ယူသုံးစွဲခွင့် ရကြောင်း သတင်း ရရှိသည်။