သတင်း

တာချီလိတ်တွင် မူးယစ်ဆေးဝါး သန်းပေါင်း ၆ သောင်းကျော်ဖိုး ဖမ်းဆီးရမိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကာလတန်ကြေး ကျပ်သန်းပေါင်း ၆ သောင်းကျော် (၆၄၅၈၆.၇၅ သန်း) ဖိုး ဝန်းကျင်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာ အုပ်စု၊ ကျဆီးရွာမှ နေအိမ် ၃ လုံးမှ သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်ပြီး စုစုပေါင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွ ဆေးပြား ၁၉.၀၇ သန်း၊ အိုက်စ် ၀၂.၅ ကီလို၊ အက်တက်စီ ဆေးပြား ၆.၁၅ သိန်း၊ အက်တမင်း ၁ ကီလို၊ ဘိန်းစိမ်း ၁.၅ ကီလို နှင့် ကဖင်း ၂၃၀ ကီလို ဖြစ်ကြောင်း သိရသည်။

ထိုထုတ်ပြန်ချက်တွင် “မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးရွာတွင် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေကြောင်း အခိုင်အမာ သတင်း ရရှိထားသဖြင့် သွားရောက်ရှာဖွေဖမ်းဆီးရာ မူးယစ်ဆေးဝါး အမြောက်အများကို တရားခံများနှင့် အတူ ဖမ်းဆီးရမိခဲ့” ဟု ဖော်ပြ ထားသည်။

မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ကျခီး အသက် ၂၇ နှစ်၊ မနာအူ ၁၉ နှစ်နှင့် ကျဟယ် ၃၉ နှစ်တို့အား တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူများသည် လားဟူတိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

ကြိုတင်သတင်းရရှိမှုအရ တာချီလိတ် အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထိန်ဝင်း ဦးစီးသည့် ခရိုင်/မြို့နယ် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ရဲမှူး စိုးနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၂၉) မိုင်းဆတ်မှ ရဲမှူး ဝင်းဇော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့ ပေါင်းစုံက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုခြင်းမရှိပေမယ့် ဖမ်းဆီးမှု၌ ဦးဆောင်သူ တဦးဖြစ်သည့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထိန်ဝင်း က “ဒီနှစ် ဖမ်းဆီးရမိတဲ့ အထဲမှာတော့ အများဆုံးမှာ ရှိပါတယ်။ ကျနော်တို့ကတော့ ဖမ်းဆီးမှုတွေကို ရတဲ့သတင်းပေါ်မူတည်ပြီး အမြဲတမ်း လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးများသာမက မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ သေနက်များ၊ ထိုင်း နှင့် တရုတ်ငွေများနှင့် ရွှေတို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

မူးယစ်တပ်ဖွဲ့က ကျခီး၏ အိမ်၌ ဝင်ရောက်ရှာဖွေရာတွင် Wy စာတမ်းပါ စိတ်ကြွဆေးပြား ၁၆.၄၆၆ သန်း၊ CU စာတမ်းပါ အက်တက်စီ ဆေးပြား ၆.၁၅ သန်း၊ ကဖင်း ၂၃၀ ကီလို နှင့် အခြား ဆက်စပ်ပစ္စည်းများ အပါအဝင် ပွိုင့် ၂၂ သေနတ်အရှည် ၂ လက် နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟုသိရသည်။

ကျဟယ်၏ နေအိမ်မှ Wy စာတမ်ပါး စိတ်ကြွဆေးပြား ၁.၅၅ သန်း၊ အိုက်စ် အဖြူရောင် ပုံဆောင်ခဲ ၃.၅ ကီလိုခန့်၊ ဘိန်းစိမ်း ၁.၅ ကီလို အပါအဝင် စိတ်ကြွ ဆေးပြား ရိုက်နှိပ်ရာတွင် အသုံးပြုသည့် Wy စာတမ်းပါ သံမှို ၁၇ ချောင်းနှင့် စာတမ်းမပါ ၃ ချောင်း စုစုပေါင်းအချောင်း ၂၀ နှင့် စိတ်ကြွဆေးပြား ထုပ်ပိုးခွံ အထုပ်ကြီးပေါ်တွင် ရိုက်နှိပ်သည့် သစ်သားဖြင့် ပြုလုပ်ထားသည့် တံဆိပ်တုံးများ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထို့အပြင် စုစုပေါင်း ၁.၃၇၃ ကီလိုရှိသည့် ရွှေထည်မျိုးစုံ ၂၈ မျိုး၊ ထိုင်းဘတ်ငွေ ၁၈ သိန်း နှင့် တရုတ်ယွမ်ငွေ ၁ သောင်း အပါအဝင် AB 746899 M နံပါတ်ပါ Remi-ngton အမျိုးအစား ကိုးလုံးကျည် သေနတ် ၁ လက်နှင့် ၎င်းကျည် အတောင့် ၆၀၊ မော်တော်ယာဉ်တစီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မနာအူ ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာတွင်လည်း စိတ်ကြွဆေးပြား ၁.၀၅၄ သန်း အိုက်စ်ပုံဆောင်ခဲ စုစုပေါင်း ၁၉၉ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၂၆ တုံး၊ Wy စာတမ်းတံဆိပ်ပါ မှို ၃၀ ချောင်းနှင့် တံဆိပ်မပါ မှိုအချောင်း ၂၀ တို့ကို တွေ့ရှိရသည့်အပြင် KETAMINE အဖြူရောင်အမှုန့် ၁ ကီလို၊ 999 စာတမ်းပါ တံဆိပ်တုံး ၂ တုံး နှင့် HILUX VIGO အမျိုးအစား မော်တော်ယာဉ်တစီး သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading