တရုတ်နိုင်ငံ ရွှေလီမြို့ အတွင်း တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူမည်ဟု ရွှေလီမြို့ပြည်သူ့ အစိုးရက ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၇ ရက်မှ စတင်၍ မြို့နယ်ဧရိယာအတွင်း တရားမဝင်ခြင်းသုံးမျိုး (တရားမဝင် ပြည်ဝင်ခြင်း၊ တရားမဝင် နေထိုင်ခြင်း၊ တရားမဝင် အလုပ်လုပ်ခြင်း) ကို ရှင်းလင်းအုပ်ချုပ်စီမံခြင်းများ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည် ဟုဖော်ပြသည်။
ထို့ပြင် နိုင်ငံခြားသားများသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသော လက်မှတ်(သို့) ယာယီလုပ်ငန်း လုပ်ပိုင်ခွင့် ရရှိသူ များသာ ရွှေလီမြို့တွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်။ ရွှေလီမြို့တွင် နေထိုင်သော နိုင်ငံခြားသားများ (တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ပြည်ဝင်ပြည်ထွက် အုပ်ချုပ်ရေးဥပဒေ)နှင့် သက်ဆိုင်ရာ ဥပဒေ စည်းမျဉ်းများအား လေး စားလိုက်နာပြီး အုပ်ချုပ်မှုကို နာခံရမည်၊ သို့မဟုတ်ပါက ရဲဌာနမှ တရားဥပဒေအရ ဆောင်ရွက်စီမံမည် ဟု ရွှေလီမြို့ပြည်သူ့အစိုးရက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မူဆယ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွန့်က “အရင်ကတည်းက ဖမ်းနေတာပဲ။ ခု မိုးရာသီ စစ်ဆင်ရေးလုပ်နေတယ်လို့ ကြားတယ်။ နေ့စဉ် ဖမ်းနေတာ။ ကျနော်တို့နဲ့ သူတို့ ပူးပေါင်းဆောင်ရွက်တာက ဟိုဘက်မှာ ဖမ်းခံရတဲ့ လူတွေကို ပြန်လွှဲပြောင်း ရယူတာတွေ။ ဒီကနေ ဘယ်လိုသွားသင့်တယ်ဆိုတာ ပညာပေးတွေ လုပ်ကြတယ်။ နယ်ကျော်ရင်လည်း ဖမ်းတယ်။ ရက်ကျော် နေတဲ့လူတွေကိုလည်း ဖမ်းတယ်”ဟု ပြောသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်များတွင် နယ်စပ်ဖြတ်ကျော် သွားလာသူ နေ့စဉ် ၁၂၀၀၀ ဝန်းကျင်ရှိ ပြီး နယ်ကျော်သူများအပါအဝင် သတ်မှတ်ရက် ကျော်လွန် နေထိုင်သူများနှင့် အထောက်အထားမဲ့ နေထိုင်သူ များကို တရုတ်အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ နေ့စဉ်ပြုလုပ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။
ရွှေလီမြို့တွင် မြန်မာလုပ်သားအများစုသည် လက်သမား၊ ပန်းရန်၊ စိုက်ပျိုးရေး၊ သံချည် သံကွေး လုပ်ငန်းများ၊ ဖုန်းနှင့် ဆိုင်ကယ်စက်ရုံများတွင် သွားရောက် လုပ်ကိုင်လျက်ရှိသည်။ အကြောင်းအရာ တခုခုဖြင့် ဖမ်းဆီး ခံရ ပါက တလ အကျဉ်းချခံရပြီးနောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံဘက်မှ လူကုန်ကူး တားဆီး ရေး၊ အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ်အဖွဲ့ စသည့် ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး၍ နယ်စပ် ဖြတ်ကျော်သူများအား ပြန်လည် လွှဲပြောင်းမှုကို လက်ခံလျက်ရှိကြောင်း သိရသည်။
မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစောနိုင်က “နားလည်မှုလွဲတာပါ၊ ဟိုအရင် ကတည်းက ဖမ်းနေတာပဲ။ အခုမှ မဟုတ်ဘူး။ Facebook ပေါ်တွေမှာ လျှောက်ဖွနေကြတာ။ ခိုးဝင်လာမှတော့ ဖမ်းမှာပဲလေ။ တရားဝင် သွားတဲ့လူတွေကို ဘယ်တုန်းက ဖမ်းဘူးလို့လဲ။ အဓိက နယ်ကျော်သွားတဲ့ လူတွေ နည်းအောင် ဖြစ်မယ်။ မူူးယစ်ဆေးသုံးစွဲတဲ့သူတွေလည်း ပိုလာတော့ ဒါကို alarm ပေးတာ နေမယ်” ဟုပြောသည်။
သြဂုတ် ၁၀ ရက်တွင် တရုတ်နိုင်ငံဘက်မှ အထောက်အထားမဲ့ ၊ တရားမဝင် သွားရောက်နေသူ အယောက် ၁၀၀ ကို လွှဲပြောင်းပေးမည် ဖြစ်ပြီး ပြန်လည်လက်ခံ သွားရန် ရှိကြောင်း၊ ရွှေလီနှင့် မန်စီဘက်သို့ နယ်မြေ ကျော် သွားရောက်သူများ အများဆုံး ဖမ်းဆီးခံရကြောင်း ၎င်းက ပြောသည်။