ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့အတွင်း ယနေ့နံနက်ပိုင်းက မိုင်းပေါက်ကွဲ ဒဏ်ရာများဖြင့် ကချင် အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ ၂ဦး၏ ရုပ်အလောင်းများကိုလည်း မိသားစုဝင်များက ပြန်မရသေးကြောင်း သိရသည်။
ထိုကချင်အမျိုးသား ၂ဦးမှာ နမ္မတီးမြို့ လမ်းခွကျေးရွာတွင် နေထိုင်ကြသည့် မီးသတ်တပ်ဖွဲ့ ၂ ပွင့်ဗိုလ် ဦးဖောင်ကပ်နော်လတ် နှင့် ၎င်း၏ သူငယ်ချင်း ဦးလဘန်နော်ဘောက်တို့ ဖြစ်သည်။
သေဆုံးသွားသူများ၏ မိသားစုဝင်များကို ဧရာဝတီက ဆက်သွယ်ရာ မိသားစုဝင်တဦးက “သူတို့က ငါးဖမ်းမယ် ဆိုပြီး အိမ်ကနေ ထွက်သွားကြတာ။ သူတို့ကို တပ်က ဖမ်းထားတယ်လို့ မနေ့က မြင်တဲ့ ရွာသူ ရွာသားတွေ လာပြောမှ သိရတာ။ အခုလည်း ပုံတွေ မြင်မှ သူတို့ဆုံးပြီ ဆိုတာသိတယ်။ ရုပ်အလောင်းတွေကို မေးတော့ တပ်က မြှုပ်လိုက်ပြီပဲ သိရတယ်။ ဘာမှလည်း ထပ်မေးလို့ မရဘူး” ဟု ပြောပြသည်။
သေဆုံးသွားသူ ၂ဦးမှာ အသက် ၄၀ ဝန်းကျင်များ ဖြစ်ကြပြီး ဦးဖောင်ကပ်နော်လတ်တွင် ဇနီးနှင့် သားသမီး ၂ဦး၊ ဦးလဘန်နော်ဘောက်တွင် ဇနီးနှင့် သားသမီး ၃ဦး ကျန်ရှိခဲ့သည်ဟုလည်း သိရသည်။
ဦးဖောင်ကပ်နော်လတ်သည် နမ္မတီးမြို့ မီးသတ်တပ်ဖွဲ့ ၂ ပွင့် ဗိုလ် အနေဖြင့် နမ္မတီးမြို့အတွင်းရှိ ရွာ ၃ရွာ၏ မီးသတ် ရေးရာ ကိစ္စများကို တာဝန် ယူထားရသူလည်း ဖြစ်ပြီး ဦးလဘန်နော်ဘောက်သည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်သူ ဖြစ်သည်ဟု ဆိုသည်။
ဦးဖောင်ကပ်နော်လတ်နှင့် ဦးလဘန်နော်ဘောက် တို့ ၂ဦးသည် သြဂုတ်လ ၇ ရက် ညနေပိုင်း ၄နာရီခန့်က လွယ်လီချောင်း တွင် ငါးဖမ်းမည်ဟု ဆိုကာ နေအိမ်များမှ ထွက်သွားကြခြင်း ဖြစ်သည်။
သြဂုတ်လ ၈ ရက် ညနေပိုင်းအထိ အိမ်ပြန်မလာသဖြင့် မိသားစုဝင်များက စုံစမ်းရာ ဆီးဒင်ဂိတ် (တပ်မတော်ဂိတ်) တွင် ၎င်းတို့ ၂ဦးနှင့်အတူ မိုင်းတလုံးမိသဖြင့် စစ်ဆေးမေးမြန်းနေကြောင်းကို ဖမ်းဆီးရာတွင် မျက်မြင်တွေ့ထားသည့် ရွာသား ၄ဦး က ပြောသည်ဟု သိရသည်။
သေဆုံးသွားသူ ၂ဦး၏ သူငယ်ချင်း ဒေသခံတဦး ကလည်း “လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းကို သူတို့က ငါးမိုင်းခွဲ စားမယ် ဆိုပြီး ယူလာတယ်။ အသင်းတော်သား တယောက်က တွေ့လို့ မယူသွားနဲ့ တားတာလည်း ယူသွားတယ်တဲ့။ နောက် ညနေကျတော့ ဆီးဒင်ဂိတ်မှာ သူတို့ကိုတွေ့ပြီး စစ်တပ်ကုန်းကို ခေါ်သွားတာ ရွာသားတွေ တွေ့လိုက်တယ်။ မနက် ကျတော့ လမ်းမှာ မိုင်းထောင်လို့ သူတို့ ၂ယောက် သေသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်”ဟု ပြောသည်။
သြဂုတ်လ ၉ရက် နံနက်ပိုင်းတွင် ဆီးဒင်နှင့် နွန်နွယ်ရွာ ကြားရှိ လမ်းမဘေးတွင် ၎င်းတို့ ၂ဦး မိုင်းပေါက်ကွဲ ဒဏ်ရာများဖြင့် ဝမ်းဗိုက်နှင့် ပေါင်များ ပွင့်ထွက် သေဆုံးနေသည့် ရုပ်အလောင်းများကို အနီးကပ် ရိုက်ယူထားသည့် ဓာတ်ပုံများ လူမှု ကွန်ရက်ပေါ်တွင် ပျံ့နှံ့ လာသည်ကို မိသားစုဝင်များနှင့် ရွာသူရွာသားများက တွေ့ရှိရကြောင်း သိရသည်။
ထိုဓာတ်ပုံများကို မည်သူက ရိုက်ပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာကြောင်းကို မသိရှိရပါ။ ဓာတ်ပုံများတွင် ကင်မရာမှ ရိုက်ယူထားသည့် ရက်စွဲ သြဂုတ်လ ၉ ရက် နံနက် ၇နာရီ ၃၃ မိနစ်ဟု ပါရှိနေသည်ကို တွေ့ရသည်။
အထက်ပါ ဒေသခံ သူငယ်ချင်း က “စစ်ဆေးစရာရှိတာ စစ်ဆေးပြီး မနက်ကျရင် ရဲကို ဥပဒေအတိုင်းအပ်မယ်လို့ ထင်နေတာ။ အခုက ၂ယောက်လုံး ဆုံးသွားတော့ ဘယ်လိုတွေဖြစ်လဲ ကျနော်လည်း ဂဃနဏ မသိတော့ဘူး။ သတင်းကတော့ သူတို့က မိုင်းထောင်လို့ သူတို့ဘာသာ သူတို့ သေသွားတာလို့ ထွက်နေတယ်” ဟု ပြောသည်။
မိသားစုဝင်များက အလောင်းများ ပြန်ရရန် ကျေးရွာအာဏာပိုင်များမှ တဆင့် တပ်မတော်၊ တပ်စခန်းများထံ စုံစမ်းသော် လည်း အလောင်းများ ပြန်ရတော့မည် မဟုတ်ကြောင်း၊ မြှုပ်နှံလိုက်ပြီ ဖြစ်ကြောင်း၊ ၎င်းတို့ ၂ဦးမှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသာ ပြောဆိုနေသည့် သတင်းများ ပြန်ကြားရသည်ဟု သိရသည်။
ဒေသခံ သူငယ်ချင်း က “ကျနော် သူတို့နဲ့ ခင်တာ ၁၀ နှစ်ထက် မနည်းတော့ဘူး။ ကျနော် အခိုင်အမာပြောနိုင်တာ သူတို့က KIA မဟုတ်ဘူး။ သောင်းကျန်းသူလည်း မဟုတ်ဘူး။ မီးသတ်ဗိုလ်လည်း မီးသတ် အလုပ်ပဲ လုပ်နေတာ။ နောက်တယောက် ကလည်း လွယ်လီချောင်းနားမှာ ဆင်တကောင် သူမွေးထားလို့ ခဏခဏ သွားတာ။ သူတို့ ၂ယောက်က မိုင်းလိုက်ခွဲတဲ့ သောင်းကျန်းသူ မဟုတ်ဘူးဆိုတာ ကျနော်အာမခံတယ်”ဟု ပြောသည်။
သေဆုံးသူ ၂ဦး ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် တပ်မတော် ပြောရေး ဆိုခွင့်ရှိသူများကို ဧရာဝတီက ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရပါ။
မိုးကောင်းမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဒေါ်မြသွေးစံကို မေးမြန်းရာတွင်လည်း ၎င်းမှာ မြစ်ကြီးနား မြို့တွင် လွှတ်တော် တက်ရောက်နေသဖြင့် သေဆုံးသူ ၂ဦးကိစ္စကို မသိရှိကြောင်း၊ အသေးစိတ် မသိရှိသဖြင့် မှတ်ချက် တစုံတရာ လည်း မပေးလိုကြောင်း ဧရာဝတီကို ပြောသည်။
လက်ရှိတွင် သေဆုံးသူများနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးသော်လည်း သေဆုံးသွား သူ ၂ဦး၏ အလောင်းများကို မြှုပ်နှံလိုသဖြင့် မိသားစုဝင်များက ပြန်လိုချင်ကြကြောင်း သိရသည်။