မြန်မာနိုင်ငံသို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မြန်မာအစိုးရ၏ မူဝါဒများနှင့် လိုအပ်ချက်များ လမ်း ဖွင့်ပေးမှုအပေါ် မူတည်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ်လ ၇ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“ကျနော်တို့ဆီက ပေါ်လစီလည်း လိုတယ်။ သူတို့ စိတ်ဝင်စားတဲ့ ကဏ္ဍတွေအပေါ် ဘယ်လောက် ဖွင့်ပေးမလဲ ဆိုတာ အပေါ် မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပါလိမ့်မယ်။ ဥပမာ အစိုးရက အာမခံလုပ်ငန်းတွေကို နိုင်ငံခြားသား ရင်း နှီးမြှုပ်နှံမှု ခွင့်ပြုပေးရင် အမေရိကန်ကုမ္ပဏီတွေ သေချာပေါက် ဝင်လာမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အဓိကအားဖြင့် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ကျောက်မျက်ရတနာလုပ်ငန်းများ၊ အာမခံလုပ်ငန်းများ ကဲ့သို့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများနှင့် နည်းပညာလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်းလည်း ဆိုသည်။
သို့သော် လက်ရှိတွင် အာမခံလုပ်ငန်းများကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခြင်း မရှိသေးပေ။
ယင်းအပြင် အမေရိကန် လုပ်ငန်းရှင်များ စိတ်ဝင်စားနေသည့် ကျောက်မျက်လုပ်ငန်းမှာလည်း အစိုးရမူဝါဒနှင့် သက်ဆိုင် သောကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ MIC ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ကျောက်မျက် လုပ်ငန်းများ ပိုမိုဖွင့်ပေးနိုင်ရန် ဆွေးနွေး ပြင်ဆင်မှုများ ရှိနေသဖြင့် ယင်းတို့လုပ်ဆောင်ပြီးလျှင် ရင်းနှီးမြှုပ်နှံ မှုများ အင်အားကောင်းကောင်းနှင့် ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် အရေးယူ ပိတ်ဆို့ထားခြင်းများကို ဖြေလျှော့ ပေးထားပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ အစရှိသည့် လုပ်ငန်းများတွင် ကန်ဒေါ်လာသန်း၂၅၀ ခန့် ရင်းနှီး မြှုပ်နှံထားကာ ကြောင်း၊ အရေးယူ ပိတ်ဆို့မှုများ ဖွင့်ပေးထားပြီဖြစ်၍ လာမည့် ၃ နှစ်အတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ၂ ဆခန့် ဝင်ရောက်လာမည်ဟု တွက်ဆထားကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင် မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ် ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြာင်း ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်းကာကွယ် ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံကာ ခွင့်ပြုပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အမေရိကန်ဘဏ်များ စီးပွားရေးလုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားသော အမေရိကန်ပြည်ထောင်စု မျိုးချစ် ဥပဒေ the USA Patriot Act ပုဒ်မ ၃၁၁ နှင့် ၃၁၂ ကို ပြန်လည်ဖယ်ရှားပေးရန် မြန်မာနိုင်ငံတွင် အခြေစိုက်သော အမေရိ ကန် လုပ်ငန်းရှင်များအသင်းက ၎င်းတို့၏ အစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။
အမေရိကန်ဘဏ်များအား မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခြင်းကို တားဆီးထားသော အထက်ပါ ပုဒ်မနှစ်ခု ရုပ်သိမ်းရန် အားထုတ်မှုကို မြန်မာနိုင်ငံသားများဘဏ်၏ အမှုဆောင်ချုပ် ဒေါက်တာသောင်းဟန်က ကြိုဆိုလိုက်သည်။
“ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းမှာ အမေရိကန်က တကယ့်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ကတော့ ကြိုဆိုတယ်။ တကမ္ဘာလုံးက ဒေါ်လာနဲ့ အလုပ်လုပ်နေကြတာ။ ကျနော်တို့ ဒါကို ရှောင်လွှဲ လို့ မရပါဘူး။ ဒါကို မြန်မြန် ဖြစ်လာစေချင်တယ်’’ ဟု ဒေါက်တာ သောင်းဟန်က ပြောသည်။
ယင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီပွားရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်နှင့်ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်း ဌာနမှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။