ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ သားဖွားနှင့်သူနာပြုများ၏ ဝတ်စုံစရိတ်နှင့် စားစရိတ်များကို ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်၍ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း ကုသရေးဦးစီးဌာနထံမှ သိရသည်။
သားဖွားနှင့် သူနာပြုများအား ယခင်က ရာထူးအဆင့်အလိုက် စားရိတ်အနေဖြင့် တလလျှင် ကျပ် ၃၀ မှ ၇၅ ကျပ် ပေးထားရာမှ ကျပ် နှစ်သောင်းအထိ တပြေးညီ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ပြီး ဝတ်စုံစရိတ်အနေဖြင့် တလလျှင် နှစ်ထောင်ကျပ်မှ ကျပ်သုံးထောင်အထိ တိုးမြှင့်ထားခြင်းဖြစ်သည်။
ကုသရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ မြင့်ဟန် က “စရိတ် ချီးမြှင့်ငွေ တိုးပေး ထားတာ၊ တလလောက် ရှိပါပြီ၊ အရင်က ကျပ်ဆယ်ဂဏန်းပဲရှိလို့ ပိုမိုအဆင်ပြေစေဖို့ တိုးပေးလိုက်တာပါ”ဟု ပြောသည်။
စရိတ် တိုးမြှင့်မှုတွင် သားဖွားဆရာမ၊ သူနာပြု (သိပ္ပံ/ဒီပလိုမာ)၊ အမျိုးသမီး ကျန်းမာရေး ဆရာမများနှင့် ပြည်သူ့ ကျန်းမာရေး ဆရာမကြီးများ အကျုံးဝင်ပြီး ဇူလိုင်လအတွက် ချီးမြှင့်ငွေအား သြဂုတ်လ လစာနှင့်အတူ နောက်ကြောင်းပြန် ထုတ်ပေးရန် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြုတဦးက “အရင်က ပေးတဲ့ကျပ် ဆယ်ဂဏန်းလောက်ကို တခါမှ ခေါင်းစဉ်နဲ့ မရဖူးဘူး၊ နည်းတော့ မေးလဲ မမေးကြဘူးလေ၊ အခုတိုးမြှင့်ပေးတော့ ပိုအဆင်ပြေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သူနာပြုများ ကဏ္ဍနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်လည်း ဇွန်လ ၃၀ ရက်နေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က အစိုးရအားတိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။
အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ဌာနရဲ့ လုပ်ပိုင်ခွင့် ရှိတာတွေအကုန် လုပ်ပေးမယ်၊ လုပ်ပိုင်ခွင့် မရှိတာကိုတော့ တင်ပြပြီးလုပ်ပေးမယ်၊ အမြန်လုပ်မယ်၊ ပြုပြင်ပြောင်းလဲလုပ်ရင်းနဲ့ ထပ်ပြောင်းဖို့ လိုတာတွေ ပြောင်းမည်”ဟု သတင်းထောက်များအား ပြောကြားထားသည်။