သတင်း

ထိုင်းနိုင်ငံရောက် မြန်မာ ၅ သိန်းကျော် တရားဝင်နေထိုင်ခွင့် အတွက် မှတ်ပုံတင်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင်နေထိုင်ခွင့် လက်မှတ် ပြုလုပ်ပေးရန် မှတ်ပုံ တင်ခွင့်ပေးရာ မြန်မာနိုင်ငံသား ၅ သိန်းကျော်မှတ်ပုံတင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားများအနက် လက်ရှိ မှတ်ပုံတင်ထားသူ ဦးရေသည် ၇ သိန်းဝန်းကျင်အထိရှိပြီး မြန်မာ ၅ သိန်းကျော် ပါဝင်ကြောင်း၊ ကျန်သူများသည် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ဖြစ်သည်။

ထို့အတူ မှတ်ပုံမတင်ရသေးသည့် တရားမဝင် မြန်မာနိုင်ငံသား အများအပြား ကျန်ရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများ က ဧရာဝတီ ကို ပြောသည်။

ထိုင်းနိုင်ငံရှိ တရားမဝင်များအား တရားဝင် အလုပ်သမားများ အဖြစ် လုပ်ကိုင်ခွင့်ပြုနိုင်ရန် မှတ်ပုံတင်ပြုလုပ်မည့် ရက်အား ဇူလိုင်လကုန်ပတ်မှ သြဂုတ်လ ၇ ရက် အထိ ၁၅ ရက်သာ သတ်မှတ်ပေးခဲ့သည်။

ထို ၁၅ ရက်အတွင်း မြန်မာ နိုင်ငံသား ၅ သိန်းကျော် မှတ်ပုံလာတင်ကြကြောင်း၊ နောက်ထပ်လည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား သန်းချီကျန်ရှိနေသေးကြောင်း၊ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအား ကူညီဆောင်ရွက်ပေးသည့် AAC မဟာမိတ် အဖွဲ့မှ ဦးခိုင်ကြီး က ပြောသည်။

၎င်းက“တရားမဝင်တဲ့မြန်မာ ၂ သန်းကျော်လောက်မှာ ၅ သိန်းကျော်ပဲ မှတ်ပုံတင်ခွင့်ရသေးတယ်၊ အဲဒါကြောင့် ကျန်တဲ့ သူ တွေအတွက် ရက်တိုးပေးသင့်တယ်၊ ဒါကို မြန်မာအစိုးရကလည်းပဲ ထိုင်းအစိုးရနဲ့ ညှိပြီးတော့ သေချာဆောင်ရွက်ပေး သင့်တယ်” ဟုလည်း ပြောဆိုသည်။

တရားမဝင်များအား အထောက်အထားများ ပြုလုပ်ပေးခြင်းသည် ကောင်းမွန်သည့် အရာဖြစ်ကြောင်း၊ သို့သော် တရားဝင် အလုပ်သမားတဦး ဖြစ်ရန် နောက်ထပ် အဆင့်ဆင့် လုပ်ဆောင်ရဦးမည်ဖြစ်၍ ငွေကုန်ကြေးကျများနိုင်ကြောင်း၊ ထို့ ကြောင့် အစိုးရ အနေဖြင့် စနစ်တကျ ဆောင်ရွက်ပေးသင့်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်း ကလည်း ပြောသည်။

ဦးကျော်သောင်းက “အထောက်အထားမဲ့တွေ မှတ်ပုံတင်တာဟာ ကုန်ကျမှု မများပေမယ့် ပွဲစားတွေနဲ့ လုပ်နေကြတော့ ဘတ်ငွေ ၄၀၀၀ ကနေ ၈၀၀၀ ကြား ကုန်ကျနေတာတွေရှိတယ်၊ နောက်ထပ်လုပ်ရမယ့် အဆင့်တွေ ကျန်သေးတော့ တကယ် တရားဝင် အလုပ်သမားတယောက်ဖြစ်ဖို့ ဘတ်ငွေ ၂ သောင်းကျော်လောက် ကုန်ကျမယ့် သဘောဖြစ်နေတယ်” ဟု ပြောဆို သည်။

မှတ်ပုံတင်ခွင့် ပေးသည့် ရက်သည် တိုတောင်းသည့် အတွက် ထိုင်းနိုင်ငံ၏ ဝေးလံသည့်ဒေသများတွင် လုပ်ကိုင်နေသော တရားမဝင်များအနေဖြင့် မှတ်ပုံတင်ခွင့်မရနိုင်ကြောင်း၊ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် တရားမဝင် များ၊ ရာဘာခြံများတွင် လုပ်ကိုင်နေသူများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အနေဖြင့် အချိန်တို အတွင်း မှတ်ပုံတင်ပြုလုပ်ရန် ခက်ခဲကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ က ပြောကြသည်။

ဦးကျော်သောင်းက “ဝေးလံတဲ့နေရာတွေမှာ လုပ်နေတဲ့သူတွေက အချိန်တိုအတွင်းမှာ မှတ်ပုံတင်ရဖို့ မလွယ်လောက်ဘူး၊ အထူးသဖြင့် အလုပ်ရှင်တွေက အချိန်ပေးပြီး လိုက်လုပ်ပေးမှာ မဟုတ်ဘူး၊ ဒါတွေကိုပါ စနစ်တကျဖြစ်အောင် အတွက် မြန်မာ အစိုးရ က လုပ်ပေးဖို့လိုအပ်ပါတယ်”ဟု ပြောသည်။

လက်ရှိမှတ်ပုံတင်သည့် တရားမဝင် မြန်မာနိုင်ငံသားများတွင် ကလေး အလုပ်သမားများ ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံတွင် အ သက်မပြည့်သေးသူများကို အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ အလုပ်လုပ်ကိုင်ခွင့် ပေးထားပြီး၊ သက်သာသည့် လုပ် ငန်းခွင် များတွင် လုပ်ကိုင်ခွင့် ပြုကြောင်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသူများ က ပြောဆိုကြသည်။

တရားမဝင်များသည် အထောက်အထားမဲ့ဖြစ်ကြောင်း မှတ်ပုံတင်ပြီးပါက၊ အလုပ်သမား အစစ် ဟုတ်မဟုတ် ဆိုသည်ကို ၎င်း၏ အလုပ်ရှင်နှင့်အတူ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ရဦးမည်ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပြီးပါက တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ပြုမည့် မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထား လက်မှတ် (CI ) လျှောက်ထားရမည် ဖြစ်သည်။

လက်ရှိတွင် မှတ်ပုံတင်ထားသည့် အထောက်အထားမဲ့များအား သြဂုတ်လ ၈ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ နယ်မြေ အ လိုက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ က ပြောသည်။

ထိုင်းနိုင်ငံ၌ အလုပ်သမား ဥပဒေသစ် တရပ်အား ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်ပြီးနောက် တရားမဝင် မြန်မာနိုင်ငံသား သိန်းချီ၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြရသည်။

ပြည်ပနိုင်ငံများမှ အလုပ်သမား အများအပြားသည် ထိုင်းနိုင်ငံ အတွင်းမှ ထွက်ခွာခဲ့ကြပြီးနောက် ထိုင်း အလုပ်သမား ဥပဒေသစ်အား ရွှေ့ဆိုင်ထားခဲ့ပြီး မှတ်ပုံတင်ခွင့် ပြုပေးခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၌ မြန်မာ နိုင်ငံသား ၃ သန်းဝန်းကျင်ရှိပြီး တရားဝင် အထောက်အထားရှိသူ ၂ သန်း ၂ သိန်း ကျော် ရှိကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ထားသည်။

အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းရောက် မြန်မာ ၄ သန်းကျော်ရှိကြောင်း ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading