ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် တဦးက ပစ်ခတ်ခဲ့သောကြောင့် လူ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိသွားကြောင်း ကွတ်ခိုင်မြို့မ ရဲစခန်းမှ အရာရှိတဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကွတ်ခိုင်မြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ရာ သေဆုံးသွားသူများမှာ အမျိုးသားများ ဖြစ်ပြီး အသက် ၄၃ နှစ် နှင့် ၂၅ နှစ် အသီသီး ရှိကြသည် ဟု အမည် မဖော်လိုသော အထက်ပါ ရဲအရာရှိက ပြောသည်။
“သတင်းရပြီးတဲ့ နောက် ပစ်ခတ်သူကို အဲဒီနေရာမှာတင် ကျနော်တို့ ဖမ်းဆီးခဲ့ပါတယ်။ ပုဒ်မ ၃၀၂/၃၀၇ အရ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်” ဟု ၎င်း က ပြောသည်။
ဖမ်းဆီးထားသူမှာ ရဲတပ်သား အဆင့်ဖြစ်ပြီး ပုဒ်မ ၃၀၂ နှင့် ၃၀၇ တို့မှာ လူသတ်မှုနှင့် လူသတ်ရန် အားထုတ်မှုများဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားသော နေရာသည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်မှုများ ကာလကြာရှည်စွာ ပြုလုပ်နေသော နေရာ ဖြစ်သည် ဟု ရပ်ရွာလူကြီးနှင့် ကွတ်ခိုင်မြို့နယ် တအောင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးခမ်းညွန့်က ပြောသည်။ ရဲတပ်ဖွဲ့က ထိုအချက်ကို ဝန်ခံသော်လည်း ပစ်ခတ်မှု ဖြစ်ပွားသော နေရာတွင် မူးယစ်ဆေးဝါး ဖမ်းဆီးမိခြင်း မရှိဟု ပြောသည်။
သူ၏ အသက် ၂၀ အရွယ် မောင်ဝမ်းကွဲသည် ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူများ ထဲတွင် ပါဝင်ပြီး လားရှိုးဆေးရုံ ဆေးကုသ ဆောင်တွင် ကုသမှုခံယူနေသည်ဟု ကွတ်ခိုင်မှ ကချင်လူငယ်ခေါင်းဆောင် မယ်မိုင်က ပြောသည်။
ထိုတိုက်ခိုက်မှုသည် မူးယစ်ဆေးဝါးနှင့် တနည်းမဟုတ် တနည်း ပတ်သက်လိမ့်မည် ဟုလည်း သူက ယူဆသည်။ “ဒီမှာ ရှိတဲ့ မိသားစုတိုင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရင်ဆိုင်ကြရတယ်” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာတွင် မူးယစ်ဆေးဝါး ဒုတိယအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်သည် ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး၏ အဆိုအရ သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သူသူအောင်၏ Policeman Kills Two in Shan State ကို ဘာသာပြန်သည်။)