အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် လူမျိုးစုများ တပ်ပေါင်းစုဖြစ်သော ‘ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)’ ၏ နိုင်ငံရေး ညှိုနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး ဆိုင်ရာ နားလည်မှု ရရှိရေး အတွက် ယနေ့တွင် ၆ ကြိမ်မြောက် တရားဝင် ဆွေးနွေးကြသည်။
ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် DPN ခေါင်းဆောင် ခူးဦးရယ် ခေါင်းဆောင်သည့် နှစ်ဖက် ကိုယ်စားလှယ်များသည် သြဂုတ်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက ယနေ့ သြဂုုတ်လ ၁၀ မှ ၁၁ ရက်နေ့အထိ တွေ့ဆုံကြရန် သဘောတူခဲ့ကြပြီး၊ NCA လက်မှတ်ရေးထိုးနိုင်ရေး UNFC က တင်ပြထားသော အချက် ၉ ချက်ပါ တောင်းဆိုမှုကို ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။ အကယ်၍ UNFC တပ်ပေါင်းစုု အဖွဲ့ဝင် ၅ ဖွဲ့က NCA ကိုု လက်မှတ် ရေးထိုးခဲ့သည် ဆိုုပါက ထိုုမူ ၉ ချက်သည် NCA ၏ နောက်ဆက်တွဲ အချပ်ပို အဖြစ် ထည့်သွင်းပေးရန် UNFC က တောင်းဆိုထားသည်။
UNFC တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။
“ကျနော်တို့ တောင်းဆိုချက် ၈ ချက် မှာ ပါတဲ့ အချက်တွေကို နှစ်ဖက်စလုံးက အပြန်အလှန် နားလည်မှုရအောင် အကျေအလည် အသေးစိတ် ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟု DPN ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက ဧရာဝတီသို့ ယခုအပတ် အစောပိုင်းက ပြောဆိုထားသည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စတင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ၂၁၀၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း NCA မူကြမ်းကို ရေးဆွဲချိန်အတွင်း သဘောတူညီချက်၏ စကားလုံး အသုံးအနှုန်းများ အပေါ် တူညီသော နားလည်မှု မရှိခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရပ်တန့်သွားခဲ့သည်။ ဤသည်က ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပေါ် ပြည်သူများ၏ ယုံကြည်မှု ပျက်ပြားလာစေသည်။
အစိုးရကိုယ်စားလှယ်များက DPN နှင့် ဆွေးနွေးပွဲကို ရန်ကုန်တွင် ပြုလုပ်နိုင်ရေး အတွက် ယခု သီတင်းပတ် အတွင်း ရက်သတ်မှတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားပုံရသည်။ အစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ် တခု၏ အဆိုအရ အစိုးရသည် ဒီဇင်ဘာလထက် နောက်မကျဘဲ ပြုလုပ်ရမည် ဖြစ်သော တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ DPN နှင့် သဘာတူညီမှုရရန် မျှော်လင့်နေသည်။ ညီလာခံအတွက် ပြင်ဆင်စရာရှိသည့် အခြား အရေးကြီး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေသည်ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ကျော်၏ အဖွဲ့ဝင် အများစုတို့က NCA မူကြမ်းကို စတင် ရေးဆွဲခဲ့ကြပြီး အတူတကွလက်မှတ်ရေးထိုးရန် ရည်မှန်းခဲ့ကြသည်။ NCA ကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးပြီးနောက် လပေါင်း ၂၀ ကြာသည့်တိုင် ထိုရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။
အစိုးရနှင့် တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ကေ်ာမရှင်အဖွဲ့ဝင်များ က ၎င်းတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် ဆက်လက်ဆောင်ရွက်နေသလို၊ NCA လမ်းကြောင်း အတွက် အပစ်အခတ် ရပ်စဲနိုင်ရေး တံခါးကိုလည်း ဖွင့်ထားဆဲ ဖြစ်သည်ဟု ဆိုသည်။ NCA လမ်းကြောင်းသည်သာ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များက လက်ခံထားသော တခုတည်းသော လမ်းကြောင်းဖြစ်သည်။
ဇွန်လက ယခင် တပ်ပေါင်းစု၏ အင်အားကြီး အဖွဲ့တဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နုတ်ထွက် သွားသော အခါ UNFC အဖွဲ့ဝင် ၅ ဖွဲ့မှာ ကိုယ်စားပြုနိုင်မှု အရ အင်အားချိနဲ့ သွားခဲ့သည်။ ယခုအခါ ထိုတပ်ပေါင်းစုသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုသာ ကိုယ်စားပြုတော့သည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ ၀ ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့ ဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ (FPNCC) ကလည်း မဟာမိတ်အဖွဲ့ အနေဖြင့်သာ အစိုးရနှင့် ဆွေးနွေးလိုသော သဘောထားကို ဖော်ပြထားသည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ သဘောထားကို အစိုးရက ငြင်းပယ်ထားပြီး၊ အစိုးရအနေဖြင့် UNFC တပ်ပေါင်းစုမှ လွဲပြီး အခြားမည်သည့် မဟာမိတ်အဖွဲ့နှင့်မှ မဆွေးနွေးသေးပါ။
ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များက ထိုမဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းကို ၎င်းတိုု့ အသိအမှတ် မပြုကြောင်းနှင့် တဖွဲ့ချင်းစီသာ လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း ပြောကြားထားသည်။ အစိုးရက ထိုကဲ့သို့သော ပုံစံ ဆက်ဆံရေးကို လွန်ခဲ့သော မေလက နေပြည်တော်တွင် ထင်ထင်ရှားရှား ပြသခဲ့သည်။ ထိုစဉ်က နေပြည်တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲသို့ အထက်ပါ မဟာမိတ်အဖွဲ့ ဝင်များ တက်ရောက်ခဲ့ပြီး၊ အစိုးရနှင့် တွေ့ဆုံမှုများတွင် ထိုကဲ့သို့ အဖွဲ့ခွဲ၍ တွေ့ခဲ့သည်။
ထို့ကြောင့် အစိုးရနှင့် အရှေ့မြောက်ပိုင်း ဒေသ အခြေစိုက် မဟာမိတ်များ တရားဝင်ဆွေးနွေးမှုရော အလွတ်သဘော ဆွေးနွေးပွဲများကိုပါ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
KIA နှင့် တပ်မတော် ကိုယ်စားလှယ် တဦးတို့သည် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး အတွက် လွန်ခဲ့သော လများအတွင်း အလွတ်သဘော ဆွေးနွေးမှု ၆ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့သော်လည်း ထိုအစီအစဉ်မှာ အကောင်အထည် မပေါ်သေးပေ။ သတင်းရင်းမြစ်များ၏ အဆိုအရ KIA က ၎င်းတို့ စစ်ဘက်ကိုယ်စားလှယ်များကို အရပ်သား ခေါင်းဆောင်မှု မပါဘဲ စေလွှတ်နိုင်ခြင်း မရှိသောကြောင့် တရားဝင် တပ်ဖွဲ့ချင်း ဆွေးနွေးပွဲများမှာမူ ရပ်ဆိုင်းနေသည်။ မြန်မာ့ တပ်မတော်ဘက်ကမူ KIA စစ်ဘက်ကိုယ်စားလှယ်သည် တပ်မတော်၏ ကိုယ်စားလှယ်နှင့် ရာထူးအဆင့်ညီရန်လည်း လိုအပ်သည်ဟု ယူဆထားသည်။
မြန်မာ့တပ်မတော်သည် စစ်ရေးတင်းမာမှုများ ဖြေရှင်းရေး အတွက် အဆင့်မြင့် စစ်ဘက်အရာရှိ အချင်းချင်းနှင့်သာ ဆွေးနွေးလိုသော သဘောထား ရှိကြောင်း ဖော်ပြနေသည်။
တပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးဖက် ဖြစ်သော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့များကို ခွဲခြားဆက်ဆံနေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကောင်အထည် ဖော်ရေးမှာ အခက်အခဲတခု ဖြစ်သည်ကို ဖော်ပြနေသည်။
နှစ်ဖက် တပ်မတော်ခေါင်းဆောင်များ အကြား ထိပ်တိုက်ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ပါက အောက်ခြေတွင် တိုက်ခိုက်မှုများ လျှော့ချနိုင်ပြီး၊ တိုက်ပွဲများ ရပ်တန့်နေပါလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပိုမို ခရီးရောက်စေမည် ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
သို့သော် နေပြည်တော်တွင် ကျင်းပခဲ့သော မေလ ညီလာခံ နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းနေသည်။ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ကဲ့သို့ NCA လက်မှတ်ရေးထိုး ထားသော အဖွဲ့များ ထိန်းချုပ်ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကိုလည်း နေရာနှင့် လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး တပ်မတော်နှင့် အစိုးရက ကန့်ကွက်နေသောကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
အစိုးရက ၎င်းတို့ လိုလားသော ဆွေးနွေးမှုပုံစံ ဘက်ကိုသာ ဆွဲယူနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အခြားတဘက်သို့သာ သွားလိုသဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် သောင်မတင်ရေမကျ ဖြစ်နေရသည်။ တပ်မတော်ဘက်မှ စစ်ရေး ဖိအား အပါအဝင် ထိုသို့သော ဖိအားများ ဆက်လက်ရှိနေလျှင် တိုက်ပွဲများ အဆုံးသတ်နိုင်ရေး အတွက် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးရေးစားပွဲ ဝိုင်းသို့ ရောက်အောင် ဆောင်ရွက်ခြင်းသည် အောင်မြင်ဖွယ် မရှိသော စီမံချက်သာ ဖြစ်မည့်ပုံ ရှိသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေချိန်နှင့် တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် မြေပြင်တွင် စစ်ရေး ဖိအားကိုလည်း တိုးမြှင့်နေသည်ဟု နိုင်အောင်မငေး က ဆိုသည်။ မွန်ပြည်သစ်ပါတီသည် သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပမည့် ၎င်းတို့၏ တော်လှန်ရေးနေ့ အခမ်းအနားတွင် စစ်ယူနီဖောင်းများ မဝတ်ရန် တပ်မတော်၏ သတိပေးခြင်းကို သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းက လက်ခံရရှိခဲ့သည် ဟုလည်း ၎င်းက ရှင်းပြသည်။
ငြိမ်းချမ်းရေး သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို သဘောတူညီရန် အချိန်မည်မျှ ကြာဦးမည် ဟု ထင်ပါသလဲဟု ဧရာဝတီသတင်းဌာနက မေးမြန်းသောအခါ ထိုအတွက် အစိုးရနှင့် တပ်မတော်၏ တုံ့ပြန်ဆောင်ရွက်ချက်များ အပေါ် တွင်သာ မူတည်သည် ဟု နိုင်အောင်မငေးက ဆိုသည်။
တပ်မတော်၏ ဆောင်ရွက်ချက်များသည် ယုံကြည်မှု တည်ဆောက်ရေး အပေါ် သက်ရောက်မှုရှိသည်ဟုုလည်း သူကဆိုသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Analysis: The Peace Process and an Unattainable Plan ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။