တိုင်းရင်းသား လူမျိုးစုအလိုက် မျိုးဗီဇ(DNA) မှတ်တမ်းထားရှိရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။
အဆိုကို မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လူမျိုးစု အလိုက် မှတ်တမ်းထားရှိခြင်းဖြင့် မျိုးရိုးဆင်းသက်မှုကို စိစစ်နိုင်မည်ဖြစ်ကာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ဒေါက်တာ မောင်သင်းက “တိုင်းရင်းသား ဟုတ်၊ မဟုတ် စိစစ်နိုင်ပါတယ်၊ အလွန်အရေးကြီးပါတယ်။ လူဦးရေ စီးဆင်း မှု ဖြစ်လာရင် ဒီလိုနည်းနဲ့ ကာကွယ်ထားရင် ရေရှည်မှာ အကျိုးရှိနိုင်ပါတယ်။ ဒါက ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို လည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။
အိမ်နီးချင်းနိုင်ငံများတွင် တိုင်းရင်းသားလူမျိုးစု DNA မှတ်တမ်းများအနေဖြင့် တရုတ်နိုင်ငံတွင် လူမျိုးစု ၂၁ မျိုး၊ အိန္ဒိယနိုင်ငံတွင် လူမျိုးစု ၁၅ မျိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမျိုး ၉ မျိုးတို့ကို မှတ်တမ်းတင် ပြုလုပ်ထားကြောင်း လည်း ဒေါက်တာ မောင်သင်းက လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့သည်။
လူဦးရေ ထူထပ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်ရေးလုပ်ငန်းများတွင် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရင်ဆိုင်နေရသည်။
လူမျိုးစုအလိုက် မျိုးဗီဇ မှတ်တမ်းထားရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားလူမျိုး တခုချင်းစီ၏ စရိုက်လက္ခဏာများကို ဖော်ထုတ် လေ့လာနိုင်မည့်အပြင် ဆေးဘက်ဆိုင်ရာ သုတေသနများနှင့် နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးအတွက်လည်း အထောက်အကူပြုနိုင်ကြောင်း ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးလှဌေးဝင်းက အဆိုကို ထောက်ခံ ဆွေးနွေးခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် အကြမ်းဖျင်းအားဖြင့် လူမျိုးစု ၁၃၅ မျိုးအထိ အရေအတွက်များစွာ တည်ရှိနေပြီး လူမျိုးစု အလိုက် DNA မှတ်တမ်းများထွက်ပေါ်လာပါက တူညီသည့်မျိုးနွယ်စုများကို တခုတည်းအဖြစ် ပြန်လည် ပေါင်းစည်း နိုင်ပါက ၁၃၅ မျိုးထက် လျော့ကျသွားနိုင်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအဖွဲ့ဝင် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောသည်။
“အိမ်နီးချင်းနိုင်ငံတွေက လူတို့လူမျိုးစုတွေကို သေချာမှတ်တမ်းတင်တာ လုပ်နေပြီ၊ ဒါက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လုပ်ကို လုပ်သင့်တဲ့ကိစ္စပါ။ နိုင်ငံသားဖြစ်မှု လူမျိုးစုအရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် အဓိကတိုင်းရင်းသား မျိုးနွယ်စု ၈ စုရှိပြီး စုစုပေါင်း တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးရှိကြောင်း ယခင်အစိုးရများက အကြမ်းဖျင်း ထုတ်ပြန်ထားသည်။