ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို ဖြုတ်ပယ်ခြင်း မရှိဘဲ ပြစ်ဒဏ်ကို ထောင်ဒဏ် ၃ နှစ်အောက်သို့ ပြောင်းလဲ၍ အာမခံ ခွင့်ပြုသင့်ကြောင်း ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ တင် သွင်းစဉ် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြ လိုက်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)တွင် ပါရှိသည့် ၃နှစ်ထက် မပိုသော ထောင်ဒဏ်အစား ၃ နှစ်အောက် ထောင်ဒဏ် ဟု ပြင်ဆင်လိုက်ပြီး အသေရေဖျက်ခြင်း စကားလုံးကိုလည်း ဖြုတ်ပယ်ခြင်း မရှိကြောင်း၊ ရဲအရေးပိုင်သော အမှုအဖြစ် ဆက်လက်ထားရှိကြောင်း၊ တရားစွဲဆိုရာတွင် ဝန်ကြီးဌာန ခွင့်ပြုချက် ကြိုတင်ရယူရမည် ဖြစ်ကြောင်း၊ နစ်နာသူ ကိုယ် တိုင် (သို့မဟုတ်) ကိုယ်စားလှယ် လွှဲအပ်သူက တရားစွဲရမည် ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာမှ သိရသည်။
“ပုဒ်မ ၆၆ ကြီး တခုလုံးကို လုံးဝ မဖြုတ်ဘူး။ ပြစ်ဒဏ်ကိုတော့ ၃ နှစ်အောက် ပြောင်းလိုက်တဲ့အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ အရ အာမခံပေးလို့ရတဲ့ ပုဒ်မ ဖြစ်သွားတာပေါ့။ အာမခံ သေချာပေါက်ရမယ်။ အသရေ ဖျက်မှုဆိုပြီး အလွယ်တကူ ဆွဲလို့ မရတော့ဘူး။ နောက်ပြီးတော့ ဆွဲချင်ရင် ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲပြီး ဆွဲမှ ရ တော့မှာ”ဟု ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်အပြီးတွင် ဧရာဝတီသို့ ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦးအား ခြောက် လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း လုပ်သူများကို အရေးယူရန် ပြဋ္ဌာန်းထားပြီး ယင်းဥပဒေကို ပြင်ဆင် ရန် လွှတ်တော်က ကြိုးစားလျက် ရှိသည်။
ယခု ဥပဒေကို အမျိုးသား လွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးစားစဉ်ကလည်း ပုဒ်မ ၆၆ (ဃ)ကို ဖြုတ်ပစ်ရန်နှင့် ဆက် လက်ထားရှိရန် ဆွေးနွေးသူများကြား သဘောထား ကွဲလွဲမှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် မဲခွဲ၍ ဆက်လက်ထားရှိ ရန် ဆုံးဖြတ်ခဲ့ကြသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော် ၂ ရပ်စလုံးတွင် အမတ်အများစု ရှိနေရာ ပုဒ်မ ၆၆ (ဃ)ကို ဖြုတ်ပစ်ရန်မှာ မလွယ်ကူတော့ကြောင်း၊ ပါတီ၏ မူဝါဒကို မကျော်လွန်ရဲသည့် အမတ်များအနေဖြင့်လည်း ယင်းပုဒ်မကို ဖြုတ်ပစ်သည်အထိ ကန့်ကွက် ဆွေးနွေးမည် မထင်ကြောင်း ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေသူ ကဗျာဆရာ မောင်ဆောင်းခက ဧရာဝတီသို့ ပြောသည်။
“အသေရေ ဖျက်မှုဆိုတာလောက်ကို အဓိပ္ပာယ် မဖွင့်ဆိုနိုင်ရင် ၆၆ အမှုတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ပိုများ လာဖို့ပဲ ရှိတယ်။ ပြီးတော့ အခု လွှတ်တော်က ပြင်ပေးမယ့် အချက်တွေလောက်နဲ့လည်း ပြောင်းတယ်လို့ လုံးဝ ခေါ်ဆို နိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
ဥပမာ အားဖြင့် လိမ်လည်မှု ပုဒ်မ ၄၂၀ ကို ဖြုတ်ပေးလိုက်ပါက ကြီးမားသည့် ရာဇဝတ်မှုများ တိုင်းပြည်တွင် ပေါ်ပေါက် လာနိုင်သကဲ့သို့ ပုဒ်မ ၆၆ (ဃ)ကို ဖြုတ်ပေးလိုက်ပါက တိုင်းပြည်တွင် ထင်ရာစိုင်းလုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်သလို ဖြစ်မည်စိုး၍ မဖြုတ်ပေးခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ် တော် အပြီးတွင် သတင်းထောက်များကို ပြောသည်။
“ဒီအချက်ကို သတိမထားဘဲနဲ့ အရေးယူ အပြစ်ပေးနေတာတွေ ရှိပါတယ်။ ၆၆ (ဃ)က တိုင်လိုက်တာနဲ့ အဖမ်း ခံနေရ တယ်။ အာမခံလည်း မရဘဲနဲ့ အမှုပြီးဆုံးသွားရင် ထောင်ကျခံလိုက်ရတယ်။ အာမခံ မပေးတာဟာ ကြို အပြစ်ပေး တယ်လို့ ပြည်သူတွေက ယူဆကြတယ်။ အပြစ်ရှိ၊ မရှိက တရားရုံးရဲ့ နောက်ဆုံး အဆုံးအဖြတ်ကျမှ ဖြစ်ရမယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။
သို့သော် ရာဇသတ်ကြီး ဥပဒေအရ အချက် ၁၀ ချက်နှင့် အကျုံးဝင်မှသာ အသရေဖျက်မှု မြောက်၍ အသရေဖျက်မှုနှင့် တရားရုံးကို တိုင်ကြားလာပါက နစ်နာသူကိုယ်တိုင် သို့မဟုတ် လွှဲအပ်ထားသူက တိုင်ကြားခြင်း မဟုတ်ပါက မည် သည့် တရားရုံးကမှ အရေးမယူရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၉၈ တွင် ပြဋ္ဌာန်းပြီးသား ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် ၆၆ (ဃ)ဖြင့် တရားစွဲခံရမှုပေါင်းသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့အထိ ၈၃ မှုရှိပြီး အမိန့်ချပြီးသည့်အမှု ၁၁ မှုရှိကြောင်း၊ ၎င်းတို့ထဲတွင် သတင်းမီဒီယာ အမှုပေါင်း ၁၀နှင့် လူပုဂ္ဂိုလ် ၁၈ ဦး ရှိကြောင်း ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး သုတေသန အဖွဲ့ထံမှ သိရသည်။