သတင်း

တေးသီငှက် သို့မဟုတ် အဆိုတော်ခိုင်ထူး ကွယ်လွန်

Want create site? Find Free WordPress Themes and plugins.

၁၉၈၀ နှစ်များမှ ယနေ့တိုင် နှစ်ပေါင်း ၃၀ ကျော် လူကြိုက်များ အောင်မြင်ကျော်ကြားသော တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သော တေးသံရှင် ခိုင်ထူးသည် ဝမ်းဗိုက်တွင်း ပန်ကရိယ ကင်ဆာနှင့် ရန်ကုန်မြို့ ပါရမီဆေးရုံတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၉ ရက် နေ့ခင်း ၃ နာရီ ၂၄ မိနစ်က ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ပြည့်ပြီးဖြစ်သည်။ သူ၏ ရုပ်အလောင်းကို ရေဝေးသုသာန်၌ ဩဂုတ်လ ၁၁ ရက် သောကြာနေ့ ၄ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်သည်။

အဆိုတော်ခိုင်ထူး စတင် ကျော်ကြားလာသော ခေတ်ကာလသည် မြန်မာပြည်တွင် တိတ်ရီကော်ဒါစက်များဖြင့် ဖွင့်သည့် တိတ်ခွေအပြားဝိုင်းများခေတ်မှ ကက်ဆက်ဖြင့် ဖွင့်သော တိတ်ခွေအသေးသို့ အကူးအပြောင်းဖြစ်သလို အနောက်တိုင်းခေတ်ပေါ်ဂီတကလည်း မြို့ပြလူငယ်များကြား ခေတ်စားလာနေသည့် အချိန်လည်း ဖြစ်သည်။ ဂစ်တာဖြင့် တီးခတ်သီဆိုနိုင်သော အနောက်တိုင်းသီချင်းများကို မြန်မာစာသားထည့်သွင်းသီဆိုမှုများလည်း ခေတ်စားလာချိန်လည်း ဖြစ်သည်။ ခိုင်ထူး၏ သီချင်းများကမူ မိမိကိုယ်ပိုင် ရေးဖွဲ့ဖန်တီးလိုသူ လူငယ်များက စံထားခဲ့ကြသည့် ကိုယ်ပိုင်သံစဉ်သီချင်းများ ဖြစ်ကြသည်။

ခိုင်ထူး၏ ပထမဆုံး တေးသီချင်းခွေ “တေးမြုံငှက်”မှာ ၁၉၇၉ ခုနှစ်တွင် ရီဇော်နှင့် ၂ ယောက်တွဲ ထွက်ခဲ့သည်။ ထိုစီးရီးမှာ ရန်ကုန် တက္ကသိုလ်ကျောင်းသား အသိုင်းအဝိုင်းကြား ပြောစရာဖြစ်လာခဲ့ပြီး ခိုင်ထူး၏ ကြည်လင်ပြတ်သားပြီး ပိရိသေသပ်သော အဆိုမှာလည်း နောင်စီးရီးများ ဆက်တိုက်ဆိုသလို ထွက်လာသည်နှင့်အမျှ “ခိုင်ထူး စတိုင်”ဟု ပြောစမှတ်ပြုရသည်အထိ ခေတ်စားလာတော့သည်။ ယင်းခွေထဲတွင် ပါဝင်သော “အဝေးဆုံး” အမည်ရသီချင်းသည် ခိုင်ထူး၏ စင်မြင့်ဖျော်ဖြေပွဲများတွင် မဆိုမဖြစ် ပွဲသိမ်းသီချင်းဖြစ်လာခဲ့သည်။

၁၉၈၀ မတ်လတွင် ထွက်ခဲ့သော “အဉ္စလီ” တေးသီချင်းခွေကမူ တက္ကသိုလ်ကျောင်းဝင်းအပြင် ရပ်ကွက် လက်ဖက်ရည်ဆိုင်များထိ ပျံ့နှံ့ အောင်မြင်ခဲ့သည်။ ထိုအခွေတွင် ယင်းကာလ နိုင်ငံရေးဖိနှိပ်မှုနှင့် အထီးကျန်ဆန်မှုကို ဖော်ကျူးထားသော “နောက်ဆုံးအိပ်မက်” အမည်ရှိသီချင်းကလည်း စာပေစိစစ်ရေးကို ကျော်ဖြတ်ထွက်လာကာ ယနေ့တိုင် လူအများ ပါးစပ်ဖျားတွင် စွဲကျန်နေဆဲဖြစ်သည်။

ယင်းနှစ် စက်တင်ဘာတွင်ပင် “သီချင်းတပုဒ် ပန်းတဆုပ်” နှင့် ၁၉၈၁ တွင် “မိုးရဲရင် ဆောင်းရဲရမယ်” စီးရီးတို့ကို ဆက်တိုက်ထုတ်သည်။ ခိုင်ထူး၏ တေးစီးရီးတိုင်းတွင် ဂီတပရိသတ်က ပြောစမှတ်ပြုစရာ သီချင်းများ ပါတတ်သည်။ “သို့တရံတခါဆီ”၊”မြတ်သောအကျင့်”၊ “အိမ်အလွမ်း”၊ “နေရာဟောင်းလေးမှာ” စသည့်သီချင်းများမှာ ခိုင်ထူး၏ ဂန္တဝင်တွင်ခဲ့သော သီချင်းများဟု ဆိုလျှင် မမှားပေ။

တေးစာသား အများစုကို ယနေ့ လူအများ လေးစားကြသော တေးရေးဆရာ ကိုနေဝင်း (မောင့်လပြည့်ဝန်း)၊ ကွယ်လွန်သူ ကိုမောင်မောင် (အဉ္စလီ)တို့က ခိုင်ထူးနှင့်အတူ ခိုင်ထူး ဖခင် စီးပွားရေးတက္ကသိုလ် ပါမောက္ခ ဦးသာထို၏ အိမ်ဝင်းအတွင်း နေထိုင်ကြကာ ရေးသားကြကြောင်း သိရသည်။ ခိုင်ထူး၏ ဂီတရောင်းရင်းများဖြစ်ကြသည့် ကွယ်လွန်သူ မိုးကျော်နှင့် ရာပြည့်တို့နှင့် ပေါင်း၍လည်း သီချင်းများ စပ်ဆိုခဲ့ရာ ခိုင်မိုးပြည့်ဟူသော အမည်က သီချင်းချစ်သူများကြား အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

တေးစာသားများသာမက ဂီတဖန်တီးမှုကလည်း ချိုသာပြီး ရိုးရှင်းသောကြောင့် Phoenix တီးဝိုင်းနှင့် ဂီတမှူးလုပ်သော မိုးကျော်မှာလည်း ခိုင်ထူးတေးသီချင်းများနှင့်အတူ ဂီတချစ်သူများကြား နာမည်ရလာသည်။

မန္တလေးမှ တေးရေးတေးဆို ဂျေမောင်မောင်၏ သီချင်းများ စတင် ပါဝင်လာသော “ဆို” စီးရီးကမူ ခိုင်ထူးကို နိုင်ငံကျော် အဆိုတော် ဘဝသို့ တွန်းတင်ပေးခဲ့သည်။ ဂီတပံ့ပိုးမှုကလည်း တီးဝိုင်းကြီး Aces ဖြစ်လာခဲ့သည်။ ယင်းစီးရီးပါ ဂျေမောင်မောင် ရေးဖွဲ့သော “ဆို”၊ အားနည်းချက်”၊ “ရွှေလသာမှ”၊ ကိုနေဝင်း၏ “ခတ္တာ”၊ “တွေဝေလမ်းခွဲ”၊ ကိုမောင်မောင်၏ “နေညိုချိန်အတွေး” သီချင်းများမှာ ထိုခေတ်ထိုကာလ၏ လမ်းဘေးဂစ်တာဝိုင်းများတွင် လွင့်ပျံလာတော့သည်။

၁၉၈၄ ခုနှစ်တွင် ထွက်လာသော “မကျေနပ်ဘူး သိလား” အယ်လ်ဘမ်က ခိုင်ထူး၏ နောက်ထပ် ဂီတသမိုင်းမှတ်တိုင်ဖြစ်သည်။ “စပျစ်ရည်ချိုနောက်က မေ့မျက်ရည်”၊ “ဘိုမ”၊ “ဘယ်သူမှမကောင်းဘူး”၊ “တို့လာတယ်”၊ “သိလား”၊ “စစ်ကိုင်းလမ်း” သီချင်းများကလည်း ပရိသတ် ရင်ကို ထိမှန်ခဲ့သည်။ ယင်းစီးရီးနောက်ပိုင်း ဂီတရောင်းရင်း မိုးကျော် ဆုံးပါးသွားပြီး တေးရေး ကိုမောင်မောင်၏ တေးသီချင်းများလည်း မပါဝင်လာတော့ပေ။

၁၉၈၅ ခုနှစ်တွင် ထွက်လာသော “မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်” တေးစီးရီးတွင်မူ ခိုင်ထူး၏ ဆိုဟန်ဆိုပေါက် အပြောင်းအလဲကို တွေ့ရသည်။ “မကျေနပ်ဘူး” သီချင်းတွင် စတင် အခြေတည်နေပုံပေါ်သော အားနှင့်မာန်နှင့် ပေါက်ကွဲအော်ဟစ်သော ဆိုဟန်ကို နောက်ပိုင်းထွက်သည့် သီချင်းခွေများနှင့် ဘဝ တသက်တာ တလျှောက်လုံး ပရိသတ်က မြင်တွေ့နားဆင်ခဲ့ရတော့သည်။

၁၉၈၇ မေလတွင် တေးရေး ကိုနေဝင်း၏ အောင်မြင်ကျော်ကြားခဲ့သော သီချင်းများကို စုစည်းပြီး ခိုင်ထူးကိုယ်ပိုင်ဟန်ဖြင့် ပြန်ဆိုသော “အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ” သီချင်းခွေထွက်လာသည်။ ယင်းစီးရီးတွင် ပါဝင်သော “အားလုံးကို ကျော်ဖြတ်ရမယ်”သီချင်းမှာ အားမာန်အပြည့် သီဆိုတတ်သော ခိုင်ထူးဟန်နှင့် တွဲဖက်မိသွားပြီး စင်မြင့်ဖျော်ဖြေပွဲများတွင် ပရိသတ်က ပွဲအတောင်းဆုံးသီချင်းတပုဒ် ဖြစ်လာခဲ့သည်။

၁၉၈၉ ခုနှစ် ထွက် “ရွှေလည်တိုင်” တေးစီးရီးက ခိုင်ထူး၏ အောင်မြင်သော နောက်ဆုံးခွေဖြစ်သည်။ နောက်ပိုင်း ထုတ်ဝေသော ၁၉၉၃ ထုတ် “၃၉”၊ ၁၉၉၄ ထုတ် “ကမ်းလက်သင့်ရာ”၊ ၁၉၉၅ ထုတ် “တွဲဖက်ချွေး”၊ ၁၉၉၆ ထုတ် “အမုန်းဆုပန်မယ့် လူသား” တေးသီချင်းခွေများမှာ မအောင်မြင်ခဲ့ဘဲ ပရိသတ်မှာ ခိုင်ထူးကို သီချင်းဟောင်းများနှင့်သာ ပိုရင်းနှီးကျွမ်းဝင်နေခဲ့သည်။

အနုပညာကြေးကြီး ပေးသော စင်မြင့်ဖျော်ဖြေပွဲများကို နိုင်ငံရေးအရောင်မရွေး လိုက်လံသီဆိုတတ်သော်လည်း ခင်မင်ရင်းနှီးသူများက ဖိုးလေးဟု ခေါ်ကြသော အဆိုတော်ခိုင်ထူးသည် ငြိမ်းချမ်းရေးကို မြတ်နိုးပြီး စစ်ပွဲဆန့်ကျင်သူဖြစ်သည်။ တေးရေး ကိုဇာလျန်း ရေးသားထားသော “စစ်နှင့် ငြိမ်းချမ်းရေး” သီချင်းကို ၁၉၈၅ ခုနှစ်ကတည်းက စင်မြင့်ဖျော်ဖြေပွဲများတွင် မကြာခဏ သီဆိုခဲ့ပြီး ယနေ့ကာလ ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးတည်ဆောက်ရေး လှုံ့ဆော်သော ခေတ်အထိ သီဆိုနေခဲ့သည်က သက်သေဖြစ်သည်။

ဂီတသက်တမ်း ၃၄နှစ် ပြည့် တကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၃ ခုနှစ် အမျိုးသားဇာတ်ရုံတွင် ပြုလုပ်ခဲ့ရာ ပရိသတ်က စင်အောက်မှ သီချင်းတိုင်းကို လိုက်ဆိုကြသည်အထိ အထူးအောင်မြင်ခဲ့သည်။ အဆိုတော်ခိုင်ထူး၏ နောက်ဆုံးစင်မြင့်ဖျော်ဖြေပွဲမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ဝင်းအတွင်း ပြုလုပ်သော ၎င်း၏ ဂီတမိတ်ဆွေ ဂျေမောင်မောင်နှင့် တွဲဖက်ပြီး ၎င်းတို့ ၂ ဦး၏ အသက်များကို ရည်ရွယ် နာမည်ပေးထားသည့် “၆၀ ၆၄” စင်တင်ဂီတပွဲဖြစ်သည်။ မကွယ်လွန်မီအချိန်ကလည်း ပြည်တော်ပြန် အဆိုရှင် မွန်းအောင်နှင့်လည်း တွဲဖက်ပြီး စင်မြင့်ဖျော်ဖြေပွဲ လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုတော် ခိုင်ထူး၏ ပရိသတ်တဦးဖြစ်သူ ကဗျာဆရာဝင်းမောင်က “ခိုင်ထူးနဲ့ ပတ်သက်ပြီး ပြောရရင် သူ့အခွေတွေကို ထုတ်ခဲ့တဲ့ ဘားလမ်းထိပ်က စပယ်ဦးတေးသံသွင်းရှေ့ ဝေလီဝေလင်း အရောက်သွား ဆိုင်က နမူနာ ဖွင့်ပေးတဲ့သီချင်းသစ်တွေကို ဆေးပေါ့လိပ်ဖွာပြီး ဦးဦးဖျားဖျား နားထောင်ရတဲ့ဂုဏ်ကို မက်မောခဲ့ဖူးတယ်၊ ခိုင်ထူးကို ဒီလောက် ရူးသွပ်ခဲ့ဖူးတယ်” ဟု ပြောသည်။

၂၈ ရက် ဇန်နဝါရီလ ၁၉၅၆ တွင် မွေးဖွားခဲ့သော အဆိုတော် ခိုင်ထူးသည် ဖခင် စီးပွားရေးတက္ကသိုလ် ပါမောက္ခ အငြိမ်းစား ဦးသာထို (ကွယ်လွန်) နှင့် မိခင် ဒေါ်တင်မြင့်မြင့်(ကွယ်လွန်) တို့၏ သားလတ်၊ ဦးခိုင်စိုး(ကွယ်လွန်)၏ ညီ၊ ဒေါက်တာခိုင်မိုး၏ အစ်ကို ဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်စောနွယ်နွယ်ထွန်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် သားသမီး ၃ ဦး ကျန်ရစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading